မောင်ကြိုင် ရေးတယ်
ဒီနှစ်စစ်တပ်ကပေးတဲ့ အကယ်ဒမီက ပရိသတ်ရစေချင်တဲ့သရုပ်ဆောင်တွေ မရကြပါ။ အမှိုက်ကိုလက်နဲ့မကျုံးဘဲ မျက်နှာနဲ့ကျုံးသလားတောင်ထင်ရတဲ့ စည်ပင်သာယာဇာတ်ကားနဲ့ မြင့်မြတ်၊ သူများယောကျ်ားကို လု၊ မိခင်ကိုပြန်ပြောတဲ့ဇာတ်ရုပ်နဲ့ ရတနာဗို၊ အရက်သမားအချောင်နေအချောင်စားအဖြစ် ပီပြင်လို့ဆုရတဲ့၊ သားနဲ့ချွေးမထောင်ထဲရောက်နေတဲ့ နေမျိုးအောင်၊ Kpay မှားရောက်ရင် ပြန်လွှဲမပေးတတ်တဲ့ ပရဟိတမိခင်ကြီး ခိုင်နှင်းဝေတို့ဟာ ရသင့်ရထိုက်ပါရဲ့လား။

မြန်မာရုပ်ရှင်အနုပညာရှင်တွေထဲက အကယ်ဒမီ ပေးသင့်ပေးထိုက်သူတွေဟာ တော်တော်များများ ရှိနေတဲ့အတွက် ကျွန်တော်သာအကဲဖြတ်ဝင်ဆိုရင် ရွှေစင်ရုပ်တု ရာချီလုပ်ပြီး ပေးပစ်ချင်မိတယ်။ သရုပ်ဆောင်တွေ သိပ်ကောင်းကြတာကိုး။
ရစေချင်တဲ့သူတွေထဲ ကိုရာဇာကြီးလည်းပါတယ်။ ကိုရာဇာဆိုတာ ရာဇာနေဝင်းပါ။ အာဏာသိမ်းကာလအစောပိုင်းက ကိုရာဇာကြီး လက်သီးလက်မောင်းတန်း ပြောခဲ့တဲ့စကားတွေများ သိပ်မိုက်တာ။

Public Service Announcement

“ ကျွန်တော်တို့ ဘယ်တော့မှ မကျေနပ်ဘူး။ ဘယ်တော့မှ ကြောက်မယ့်ကောင်တွေ မဟုတ်ဘူး။ အနုပညာသမားကို ဘယ်တော့မှ မခြိမ်းခြောက်နဲ့။ ဘယ်တော့မှမကြောက်ဘူး။” တဲ့။ ကိုရာဇာကြီးရဲ့စကားလုံးတွေ မာန်ပါလွန်းလို့ ကျွန်တော်တောင် ကြည့်နေရင်း လန့်ပြီး ဖုန်းတောင် ပြုတ်ကျတယ်။
အဲဒီတုန်းက ကိုရာဇာတို့အနုပညာသမားတွေစုဝေးပြီးတောင်းဆိုတာ ဘာတဲ့ “ ခင်ဗျားတို့လိုချင်တာအားလုံး ယူသွားလို့ရပါတယ်။ အမေစုနဲ့ တိုင်းပြည်ရဲ့အနာဂတ်ကိုတော့ပြန်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။” တဲ့။
အိုး ကြက်သီးများတောင် ထမိခဲ့တယ်။

ကိုရာဇာကြီး ဆက်ဖြေခဲ့ဖူးတယ်။ “ ကျွန်တော်တို့ကဒီမိုကရေစီပုံစံနဲ့ပဲ ဆယ်နှစ်လောက်နေခဲ့ပြီးပြီဆိုတော့ စစ်အာဏာရှင်အောက်မှာ ဘယ်တော့မှမနေတတ်တော့ဘူး။” တဲ့။ ဒါမှကိုရာဇာကွပေါ့။
ကိုရာဇာကြီး မနေ့က အကယ်ဒမီပေးပွဲ မတက်လောက်ဘူးထင်ပါရဲ့။ ဒါနဲ့ သူ့Facebook မှာများ ဘာတင်ထားမလဲသွားကြည့်တာ “ ရန်ကုန်နဲ့ဒလကတော့ ဆုံသွားပြီ မင်းနဲ့ဦးကရော …” တဲ့။
ကိုရာဇာပြတ်သားတယ်။ အကယ်ဒမီပေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် အောင်ဇမ္ဗူဇာတ်ကြည့်သလို ပွဲအစအဆုံး ထိုင်ကြည့်နေမယ်ဆိုတာ သိပုံရတယ်။ ကိုရာဇာက စိတ်ဆက်တယ်။ သူအကယ်ဒမီရလို့စင်မြင့်ပေါ်တက် ကျေးဇူးတင်စကားပြောရင်စင်ရှေ့က မင်းအောင်လှိုင်ကို သည်းမခံနိုင်တော့ဘဲ ဆင်းထိုးမိမှာစိုးလို့ အကယ်ဒမီပွဲမတက်တာလည်း ဖြစ်နိုင်တာပဲ။

နောက်ထပ်ရခိုင်မင်းသားလေးနေတိုး။ သူသည်လည်းပဲ မိန်းမလျာဇာတ်ရုပ်နဲ့ အကယ်ဒမီ လွဲခဲ့ပြန်ပါတယ်။ မြစ်လက်တက် ဇာတ်ကားထက် သရုပ်ဆောင်ပိုကောင်းခဲ့တာက အခြားသရုပ်ဆောင်တွေလိုပဲ နွေဦးတော်လှန်ရေးကာလအစောပိုင်းမှာ သရုပ်ဆောင်ကောင်းခဲ့တာပါ။ ရန်ကုန်မှာ ဆန္ဒပြရင်း ကိုနေတိုးပြောသွားတာက “ ကျွန်တော်တို့အနုပညာရှင်တွေကလည်း ပြည်သူတွေနဲ့အတူ အေးအတူပူအမျှ အတူတူရှိမယ်လို့ ပြောချင်ပါတယ်” တဲ့။ အားရချက်ကိုနေတိုးရယ်။ ကိုနေတိုးလည်း ဒီစကားလေးနဲ့တင် အကယ်ဒမီ ထိုက်တန်တဲ့သူပါ။
ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်း မင်းအောင်လှိုင်ရဲ့စစ်တပ်က ဗုံးပတ်ကြဲလို့ ပြည်သူထောင်ချီသေဆုံးဒဏ်ရာရပြီး ၊စစ်တပ်ကပတ်မီးရှို့လို့ ပြည်သူ သန်းချီအိုးမဲ့ အိမ်မဲ့ဖြစ်နေချိန်မှာ ပြည်သူနဲ့ အတူရှိမယ့်ပြောခဲ့တဲ့ နေတိုးတို့က စစ်အုပ်စု အနွှယ်တွေရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတွေနဲ့ဇာတ်ကားတွေလည်းရိုက်မပျက်ပါသလို ၊စစ်တပ်ဝါဒဖြန့် ဇာတ်ကားတွေဆိုရင်လည်း ရှေ့ဆုံးကပြေးသရုပ်ဆောင်ခဲ့တာပါ။
နောက်ထပ်ရစေချင်တာက ဟာသသရုပ်ဆောင် ခင်လှိုင်ပါ။ သူလည်း အကယ်ဒမီရသင့်တဲ့သရုပ်ဆောင်ပါ။ အာဏာသိမ်းတော့ ဆန္ဒပြတာ “ ဒီတိုက်ပွဲမအောင်မချင်း တိုက်မယ် တိုက်မယ် အရေးတော်ပုံအောင်ရမည်” တဲ့။ သူ့ခမျာ အသံတွေကိုနာလို့ပါ။ သူလည်း မရခဲ့ပါဘူး။
နောက်ထပ် ခရိုနီကတော်လေးဝတ်မှုံရွှေရည်။ သူလည်း ရသင့်ပါတယ်။ အာဏာသိမ်းတော့ ပြည်ပစျေးဝယ်ထွက်နေတာဆိုလား။ အမြန်ပြန်လာခဲ့ပြီး ဆာပို့(Support)ပေးချင်လွန်းလို့ ဝင်ပြတာတဲ့။ သိပ်ကို သရုပ်ဆောင်ကောင်းတဲ့မင်းသမီးလေး။ သူလည်း ရမသွားခဲ့ဘူး။ နောက်ထပ်နောက်ထပ် ရသင့်ရထိုက်တဲ့ သရုပ်ဆောင်တွေ အများကြီး ရှိပါသေးတယ်။ စာဖတ်သူတွေကော ဘယ်သူတွေရသင့်တယ်ထင်ပါသလဲ။ ဖြည့်စွက်ပေးကြပါဦး။

















































