Connect with us

Hi, what are you looking for?

သတင်း

စစ်မှန်တဲ့လွတ်လပ်မှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်ရေး ညီညွတ်ကြိုးပမ်းဖို့ SCEF ခေါင်းဆောင်တွေ တိုက်တွန်း

စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေးကြိုးပမ်းနေချိန်ဖြစ်လို့ ညီညွတ်စွာ ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ခေါင်းဆောင်တွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။

(ပြင်သစ်ရောက်မြန်မာတွေ SCEF ကို ကြိုဆိုထောက်ခံကြောင်းဆန္ဒထုတ်ဖော်နေစဉ်။ ဓာတ်ပုံ - NUG Representative Office - France)

စက်တင်ဘာ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေးကြိုးပမ်းနေချိန်ဖြစ်လို့ ညီညွတ်စွာ ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ခေါင်းဆောင်တွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၅ရက်မှာ ကျင်းပတဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမှာ SCEF ခေါင်းဆောင်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ SCEF အလှည့်ကျသဘာပတိ ခူဦးရယ်တို့က မိန့်ခွန်းပြောကြားခဲ့ရာ အခုလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆောင်ရွက်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီစစ်စစ် မဖြစ်ထွန်းခဲ့ဖူးသေးတဲ့ နိုင်ငံတစ်ခုဖြစ်သလို နိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ကြုံပြီးဒီမိုကရေစီအသွင်ကူးပြောင်းရေးက ရပ်တန့်သွားခဲ့ရကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီမိုကရေစီ စနစ်ကို လေ့လာကြည့်ရင်၊ အားနည်းချက် အနည်းဆုံးသော စနစ်တစ်ခုဖြစ်တာကို တွေ့ရတယ်လို့ ယာယီသမ္မတက ပြောကြားပြီး ဒီမိုကရေစီအတွက် အသက်နဲ့ ခန္ဓာကို မြှုပ်နှံစတေးခဲ့ကြတဲ့ အာဇာနည်သူရဲကောင်း များစွာတို့ကို လေးစားဦးညွှတ်ကြောင်း ဖော်ပြပါတယ်။

“ကျွန်တော်တို့ နိုင်ငံအတွက် ဒီမိုကရေစီဟာ တိုင်းပြည်နဲ့ ပြည်သူတစ်ရပ်လုံးမှာ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံဟာ လူမျိုးစု အမှတ်သရုပ်ပေါင်းစုံ- များပြားစုံလင်တဲ့ တိုင်းပြည်တစ်ခုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီစနစ် တစ်ခုတည်းနဲ့ မပြည့်စုံနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အဲသည့်အတွက် ဖက်ဒရယ်စနစ်ကိုပါ ထည့်သွင်း တည်ဆောက်ဖို့ လုပ်ကြရတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ အားလုံး ဖြတ်သန်းချီတက်နေတဲ့ “နွေဦးတော်လှန်ရေး” ဟာ၊ “ဖက်ဒရယ်ဒီမိုကရေစီစနစ်” နဲ့ တိုင်းသစ်ပြည်သစ်တည်ထောင်ဖို့အတွက် ကြိုးစားနေကြတဲ့ ရုန်းကန်မှုကြီးပဲဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

အခုဆိုရင် SCEFလို့ ခေါ်တဲ့ “တပ်ပေါင်းစုံ သဏ္ဍန်” တော်လှန်ရေးတပ်ဦးတစ်ခုကို အတူတကွ ဖော်ဆောင်နေကြပြီး ဒါဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးအတွက်ဖြစ်တယ်လို့ အသိပေးပါတယ်။ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ဖို့အတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ လှန်ထုတ်တိုက်ဖျက်ပစ်ဖို့ လိုကြောင်းလည်း ပြောပါတယ်။

“ပြည်သူတစ်ရပ်လုံးဟာ လက်ရှိ ဖွဲ့စည်းထားပြီးဖြစ်တဲ့ SCEF ရဲ့ တော်လှန်ရေးတပ်ပေါင်းစု၏ ခေါင်းဆောင်မှုနောက်ကို ယုံကြည်စွာ လိုက်ပါနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်တော်တို့ ယနေ့ ကြုံတွေ့ဖြတ်သန်းနေရတဲ့ တော်လှန်ရေးဖြစ်စဉ်ကြီးဟာ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ဖက်ဒရယ်လှုပ်ရှားမှု လှိုင်းနှစ်ခုကို ဟန်ချက်ညီညီ မောင်းနှင်နေတဲ့ သမိုင်းကာလဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဒီမိုကရက်တစ် (Democratic) တွေနဲ့ ဖက်ဒရယ်လစ် (Federalist) တွေအကြား အပြန်အလှန် / အညီအညွတ် / အပေါင်းအစပ်ပြုရေးကို ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း နွေဦးတော်လှန်ရေးကြီးဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရုံသက်သက်သာ မဟုတ်ဘဲ တိုင်းရင်းသားပြည်သူများ မျှော်လင့် တောင့်တနေတဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်မယ့် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ရည်ရွယ်တဲ့ တိုက်ပွဲတစ်ရပ်လည်း ဖြစ်ကြောင်း ပြောကြားပါတယ်။

“လက်ရှိမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ နွေဦးတော်လှန်ရေးအင်အားစုများအကြား ပိုမိုခိုင်မာတဲ့ နိုင်ငံရေးသဘောတူညီချက်တွေ ရရှိလာခဲ့ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီကိုလည်း အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုမရှိဘဲ အားလုံးတန်းတူ ပါဝင်ခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းပေါ်မှာ မယိမ်းမယိုင် ဆက်လက်ချီတက်နေပါတယ်” လို့ ဝန်ကြီးချုပ်က ပြောကြားပြီး အခမ်းအနားမှာ SCEF အလှည့်ကျ သဘာပတိ ခူဦးရယ်ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ရာ လိုလားတောင့်တလျက်ရှိတဲ့ ဒီမိုကရေစီဟာ ရိုးရိုး ဒီမိုကရေစီမျှသာမဟုတ် စုံလင်ကွဲပြားသော တိုင်းရင်းသားလူမျိုးပေါင်းစုံ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ သဟဇာတဖြစ်မှုကို အာမခံနိုင်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီ” ဖြစ်ကြောင်း ပြောကြားပါတယ်။

“ဖက်ဒရယ်စနစ်မပါဝင်သော ဒီမိုကရေစီသည် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မည်မဟုတ်သကဲ့သို့ ဒီမိုကရေစီစံနှုန်းများ ကင်းမဲ့သည့် ဖက်ဒရယ်စနစ်သည်လည်း စစ်မှန်သော လွတ်လပ်မှုကို ပေးနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် SCEF အနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်း၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ခိုင်မာသော မူဝါဒလမ်းကြောင်း များဖြင့် အစွမ်းကုန် စုစည်းဆောင်ရွက်လျက်ရှိနေသည်ကို တိုင်းရင်းသားပြည်သူလူထုနှင့် နိုင်ငံတကာအသိုက်အဝန်းကို ယနေ့တွင် ထပ်လောင်း အသိပေးအပ်ပါသည်” လို့ ခူဦးရယ်က သဝဏ်လွှာ ပေးပို့ပါတယ်။

ဒီမိုကရေစီရဲ့ အဓိကသဘောတရားဟာ “အာဏာသည် ပြည်သူ့ထံမှလာသည်” ဆိုသည့် အတိုင်း ပြည်ထောင်စုရဲ့ အနာဂတ်ကို သေနတ်၊ စစ်အင်အား၊ ဟန်ပြပွဲများဖြင့်မဟုတ်ဘဲ မြန်မာပြည်သူလူထုရဲ့ ဆန္ဒဖြင့်သာ ဆုံးဖြတ်ရမယ်လို့လည်း ကရင်နီ ခေါင်းဆောင်တဦးဖြစ်တဲ့ ခူဦးရယ်က ပြောပါတယ်။

ဒါကြောင့် တိုင်းရင်းသားအင်အားစုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရနဲ့ ကြားကာလ အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး ပိုမိုခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ပြီး တူညီသော ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်ဆီသို့ ဘုံပန်းတိုင်ဖြင့် ချီတက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တချိန်တည်းမှာ ထုတ်ပြန်ချက်တွေနဲ့ တုန့်ပြန်တာထက် ကျော်လွှန်ပြီး စစ်အုပ်စုရဲ့ အာဏာထိန်းချုပ်ထားမှုကို ရပ်တန့်နိုင်ဖို့ ၊ ပြည်သူ့အာဏာကို ပိုင်ရှင်အစစ်ဖြစ်သော ပြည်သူလူထုထံ ပြန်လည်ပေးအပ်ဖို့ ပြည်သူများထံ လူသားချင်းစာနာမှုအကူအညီများ တိုက်ရိုက်ရောက်ရှိရေး ဆောင်ရွက်ပေးဖို့နဲ့ ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ပေးဖို့ ကမ္ဘာအရပ်ရပ်မှ ဒီမိုကရေစီမိတ်ဆွေများကို တိုက်တွန်းကြောင်းလည်း SCEF အလှည့်ကျသဘာပတိက ပြောကြားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဆီသို့ သွားရာလမ်းဟာ ကြမ်းတမ်းကောင်း ကြမ်းတမ်းမှာ ဖြစ်ပေမဲ့ ပြည်သူများရဲ့ တွန်းလှန်စွမ်းအား၊ အင်အားစုများရဲ့ ညီညွတ်မှုတို့ဖြင့် မျှော်မှန်းသည့်အနာဂတ်ကို မုချဆွတ်ခူးနိုင်မယ်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်းလည်း ခူဦးရယ်က ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ခေါင်းဆောင်တွေရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်နိုင်ငံရှိ သတင်းမီဒီယာများ၊ သတင်းသမားများနဲ့ တွေ့ဆုံကာ SCEF စုဖွဲ့မှု အကြောင်း၊ ရှေ့လုပ်ငန်းစဉ် နဲ့ ရည်မှန်းချက်တွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

Facebook