စက်တင်ဘာ – ၁၂ ၊၂၀၂၆
အာဏာသိမ်းစစ်ခေါင်းဆောင်အရှိန်မြှင့်တင်အကောင်အထည်ဖော်နေတဲ့ ရတနာပုံနည်းပညာမြို့သစ်စီမံကိန်း ဧရိယာထဲပါနေတဲ့ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အခုလ စက်တင်ဘာလ ၁၈ ရက်နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ပြင်ဦးလွင်ခရိုင် မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စာထုတ်ထားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။
စီမံကိန်းဧရိယာထဲကဘုန်းကြီးကျောင်း၊သီလရှင်ကျောင်း နဲ့ အခြားသော ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကိုဖယ်ရှားပေးဖို့ စာထုတ်ပြီးအကြောင်းကြားလာတာလို့ ဒေသခံအချို့ကအ သိပေးပါတယ်။
“ဒီနေရာက ရောင်းမှားဝယ်မှားနဲ့ ဖြစ်လာတဲ့ သဘောတွေပါ၊ ဘုန်းကြီးတွေကတော့ ညှိနှိုင်းပြီးတော့ လုပ်ချင်ကြတာပေါ့ ” လို့ ပြင်ဦးလွင်ခရိုင် ၊ ပြင်စာရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အခုအခါမှာစီမံကိန်းဧရိယာထဲပါနေပြီးကျုးကျော်ဖြစ်တာကြောင့် ဖယ် ရှားခိုင်းနေတဲ့ မြေနေရာတွေကို စစ်တပ်နဲ့ နီးစပ်သူတွေဆီက စာချုပ်နဲ့ ဝယ်ယူထားတဲ့ မြေတွေလည်းပါနေတယ်လို့သိရပါတယ်။
စစ်တက္ကသိုလ်တွေရှိရာပြင်ဦးလွင်မြို့ရဲ့အနောက်တောင်ဘက် ၁၂ မိုင်ကျော်အကွာ ပြင်ဦးလွင် – မန္တလေး ကားလမ်း ဘေးမှာရှိတဲ့ သုံးတောင်ရွာနဲ့ ပြင်စာရွာကြား မြေဧကတစ်သောင်း မှာ ရတနာပုံ နည်းပညာ မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်နေတာပါ။
အဲဒီစီမံကိန်းမှာ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ လာရောက်လုပ်ကိုင်ကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က သူရဲ့ အိန္ဒိယနဲ့ထိုင်းနိုင်ငံ ခရီးစဉ်တွေမှာ စီမံကိန်းကို မိတ်ဆက်ပြီး ဖိတ်ခေါ် စည်းရုံးခဲ့ပါတယ်။
ဒါအပြင် စီမံကိန်းမှာ စစ်ခေါင်းဆောင်ရဲ့ သားဖြစ်သူ ရဲ့ဆောက်လုပ်ရေးကုမ္ပဏီက လုပ်ပိုင်ခွင့်အကျိုးအမြတ်တွေရနေတယ်ဆိုတဲ့သတင်းတွေထွက်နေပါတယ်။


















































