Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး စာချုပ်မှုကို ထရမ့်တက်ရောက်ဖို့ ရည်ရွယ်ထား

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုမယ့် အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တက်ရောက်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

ဓာတ်ပုံ - The New York Times

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုမယ့် အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တက်ရောက်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

ဇူလိုင်လကုန်ပိုင်းတုန်းက နယ်စပ် ပဋိပက္ခကြောင့် ၅ ရက်ကြာ စစ်ခင်း တိုက်ခိုက်ခဲ့တဲ့ အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ အပစ်အခတ် ရပ်စဲနိုင်အောင် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ ထရမ့်တို့က ဦးဆောင် ညှိနှိုင်းပေးခဲ့ကြပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ အပစ်ရပ်ထားပေမယ့် ငြိမ်းချမ်းရေး စာချုပ်တော့ လက်မှတ် မထိုးရသေးပါဘူး။ အဲဒီ လက်မှတ်ရေးထိုးမှုကို လာမယ့် အာဆီယံ ထိပ်သီး ညီလာခံ အတောအတွင်း ပြုလုပ်ဖွယ်ရှိပြီး ထရမ့်ကိုယ်တိုင်လည်း တက်ရောက်လိမ့်မယ်လို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ မလေးရှားရဲ့ ဖိတ်ကြားမှုအရ ကွာလာလမ်ပူမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က သမ္မတ ထရမ့်ဟာ ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး သဘောတူညီမှု ရယူတာကို ကိုယ်တိုင် မြင်တွေ့ဖို့ ဆန္ဒရှိနေကြောင်း သတင်းထောက်တွေကို အောက်တိုဘာ ၁၄ ရက်နေ့မှာ မှတ်ချက်ပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးကို မလေးရှားနဲ့ အမေရိကန် ပူးပေါင်း ညှိနှိုင်း ကြပ်မတ်ပေးမှာ ဖြစ်ကြောင်း၊ အဲဒီ သဘောတူညီမှုအရ နှစ်နိုင်ငံစလုံးဟာ နယ်ခြားမှာ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေ၊ တပ်ဆင်ထားတဲ့ လက်နက်ကြီးတွေ အားလုံးကို ဖယ်ရှားပေးရမှာဖြစ်ကြောင်း ဟာဆန်က ဆိုပါတယ်။

အတိအကျ မပြောနိုင်သေးပေမယ့် ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးမှုကို အောက်တိုဘာ ၂၆ ကနေ ၂၈ ထိ ကွာလာလမ်ပူမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံ အတွင်းမှာ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဇူလိုင်လကုန်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခအတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယားမှာ စုစုပေါင်း လူ ၄၈ ဦးထက်မနည်း သေဆုံးခဲ့သလို နယ်စပ်တလျှောက်မှာ နေထိုင်သူ သိန်းနဲ့ချီ ယာယီ စစ်ရှောင်ခဲ့ရပါတယ်။ အပစ်ရပ်ပြီးတဲ့နောက်ပိုင်း နှစ်ဖက်ကြားမှာ သွေးထွက်သံယို တိုက်ခိုက်မှုတွေ ထပ်မဖြစ်တော့ပေမယ့်လည်း ၈၁၇ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တလျှောက် တင်းမာတဲ့ အခြေအနေ တချို့တော့ ရှိနေဆဲပါ။

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိအောင် ထရမ့်က ကြားဝင် စေ့စပ်ပေးခဲ့တဲ့နောက် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းက သူဟာ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုအတွက် ထရမ့်ကို အဆိုပြု ထောက်ခံမယ့်အကြောင်း ကြေညာခဲ့ဖူးပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ ဆုရရှိသူကို ကြေညာခဲ့တဲ့ အခါမှာတော့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီရာ ကော်ရီနာ မာချာဒိုက ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထရမ့်ဆီက ပေးစာတစ်စောင် ရရှိထားပြီး စာထဲမှာတော့ ကမ္ဘောဒီးယားနဲ့ တင်းမာမှုတွေကို ဖြေရှင်းဖို့ ထရမ့်က တိုက်တွန်းထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။