ကမ္ဘောဒီးယားနဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေချိန်မှာ ထိုင်းအာဏာပိုင်တွေက လေဆိပ်တွေမှာ ဗီဇာကင်းလွတ် ဝင်ခွင့်ပြုထားတဲ့ နိုင်ငံတွေက ကြေးစားစစ်သားတွေ ရောနှော ပါဝင်လာနိုင်ခြေကို ပိုပြီး တင်းတင်းကျပ်ကျပ် စောင့်ကြည့်ဖို့ ညွှန်ကြားထားလိုက်ပါတယ်။
လူဝင်မှု ကြီးကြပ်ရေး ဗျူရိုရဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ညွှန်ကြားချက်မှာတော့ ထိုင်းနိုင်ငံအနှံ့က လေဆိပ်တွေဟာ ကမ္ဘောဒီးယား နိုင်ငံသားတွေအပြင် နိုင်ငံခြား တိုင်းပြည်တွေဆီက ကြေးစားစစ်သားတွေ၊ သူလျှိုတွေ ဝင်ရောက်နိုင်ခြေကိုပါ အထူးသတိထား ကြပ်မတ် စစ်ဆေးဖို့ ဖော်ပြထားပါတယ်။
သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ချင်းမိုင်၊ ဖူးခက်နဲ့ ဟတ်ယိုင်စတဲ့ နိုင်ငံတကာ လေဆိပ်တွေမှာလည်း လုံခြုံရေး အစီအမံတွေကို ပိုပြီး တင်းကျပ်လိုက်ပါတယ်။
ဗီဇာကင်းလွတ်မှု အခွင့်အရေးနဲ့ ပြည်တွင်းကို ရောက်ရှိလာသူတွေထဲမှာ ထိုင်းရဲ့ လုံခြုံရေးကို ထိပါးခြိမ်းခြောက်မယ့် နိုင်ငံခြားသားတွေ ပါလာနိုင်တယ်လို့ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲတွေက ပြောပါတယ်။

Public Service Announcement
လက်ရှိမှာတော့ နှစ်နိုင်ငံကြား စစ်ရေး ပြဿနာကြောင့် ကမ္ဘောဒီးယား ကမ္ဘာလှည့် ခရီးသည်တွေ ထိုင်းကို ဝင်ရောက်လာဖို့က ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့ ရဲတွေက ဆိုပါတယ်။ အလုပ်ကိစ္စနဲ့ ထိုင်းကို လာရောက်တဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေဟာလည်း ဖနွမ်ပင်မှာရှိတဲ့ ထိုင်းသံရုံးက အထူးခွင့်ပြု ဗီဇာကို ယူဆောင်လာခဲ့ဖို့ လိုပါတယ်။
လူဝင်မှု ကြီးကြပ်ရေး ရဲတွေက အရှေ့ဥရောပနဲ့ အာရှမြောက်ပိုင်း နိုင်ငံတချို့ကနေ ဆိုက်ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသည်တွေထဲမှာတော့ ရန်သူက ကြေးစား ငှားရမ်းထားတာတွေ၊ သူလျှိုတွေ ရောနှော ပါဝင်လာနိုင်ပြီး အထူးသတိထား ကြပ်မတ် စိစစ်ရမယ်လို့ ဆက်ပြောပါတယ်။
လူဝင်မှု ကြီးကြပ်ရေးအတွက် စစ်ဆေးမှု ခံယူဖို့ စောင့်ရတဲ့ အချိန်ကလည်း ပုံမှန် မိနစ် ၂၀ ဝန်းကျင်ကနေ ၄၅ မိနစ်လောက်ထိ တိုးသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံသား ခရီးသွားတွေအတွက်တော့ ထပ်ဆောင်းစစ်ဆေးမှုတွေ ခံယူစရာ မလိုပါဘူး။
နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယားကြား စီးပွားဖြစ် လေကြောင်းလိုင်းတွေကတော့ ပုံမှန် ပျံသန်း ပြေးဆွဲနေဆဲပါ။
ကိုးကား: Bangkok Post
















































