ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ အခြေအနေတွေကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ဆီ တင်ပြသွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
ဒီဇင်ဘာ ၂၂ ရက်နေ့ကျရင် မလေးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံမှာ လက်ရှိ စစ်ပွဲရဲ့ နောက်ဆုံး သတင်းအချက်အလက်တွေကို တင်ပြသွားမယ်လို့ ထိုင်းက ဆိုပါတယ်။
အဲဒီညီလာခံဟာ အာဆီယံ အဖွဲ့ဝင် အိမ်နီးချင်း နှစ်နိုင်ငံကြားက စစ်ရေးပဋိပက္ခ တင်းမာမှုတွေကို ကူညီ လျှော့ချပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လကုန်ပိုင်းက နယ်စပ် ပဋိပက္ခကို အကြောင်းပြုပြီး ၅ ရက်ကြာ စစ်ပွဲဖြစ်ခဲ့ဖူးပေမယ့် အမေရိကန်၊ မလေးရှားတို့ရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ လဆန်းပိုင်းကစလို့ နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခကတွေ ပြန်လည် စတင်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် ဆွေးနွေးပွဲဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက နယ်စပ် တင်းမာမှုတွေကို ဖြေလျှော့ပေးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး အပစ်အခတ် ရပ်စဲတဲ့ အဆင့်ထိပါ ရောက်ရှိနိုင်ဖို့ ရည်ရွယ်ကြောင်း ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘာလန်ကူရာက ထိုင်းဟာ ပဋိပက္ခကို ချုပ်ငြိမ်းစေဖို့ အမှန်တကယ် ဆန္ဒရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပြီး တစ်ဖက်မှာလည်း စစ်ရပ်စဲဖို့ကို ကမ္ဘောဒီးယားက နှစ်နှစ်ကာကာနဲ့ စိတ်ရင်းမှန်မှန် ပြသဖို့ လိုအပ်တယ်လို့ သတိပေးခဲ့ပါတယ်။
နောက်ပြီး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှု မှန်သမျှဟာ ထိုင်းရဲ့ လုံခြုံရေးဆိုင်ရာ ဆန်းစစ်မှု အချက်အလက်တွေအပေါ် အခြေခံဖို့ လိုအပ်ကြောင်း၊ ဆွေးနွေးပွဲမှာ ထိုင်းက ပါဝင်တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာဟာ နိုင်ငံရဲ့ အကျိုးစီးပွား၊ အချုပ်အခြာ အာဏာနဲ့ ပိုင်နက်နယ်မြေ လုံခြုံမှုတွေကို ခိုင်မာသေချာစေဖို့ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
စစ်ပွဲမှာ ထိုင်းစစ်သား ၅၀၀၀ ကျော်လောက် သေဆုံးခဲ့ကြောင်း ကမ္ဘောဒီးယား မီဒီယာတွေရဲ့ ဖော်ပြချက်ကိုလည်း နစ်ခွန်ဒက်ဂျ်က ပယ်ချသွားပါတယ်။
နောက်ပြီး နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ပွိုင်ပက်မြို့က ကာစီနိုရုံ တစ်ခုကို ထိုင်း F-16 တိုက်လေယာဉ်တွေက ဗုံးကြဲခဲ့တယ်ဆိုတဲ့ ကမ္ဘောဒီးယားရဲ့ စွပ်စွဲချက်ကိုလည်း သူက ငြင်းဆန်ခဲ့ပြီး ထိုင်းဟာ စစ်ရေး ပစ်မှတ်တွေကိုပဲ တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။
နောက်ပြီး နှစ်နိုင်ငံ စစ်ရေး ပဋိပက္ခတွေ ပြန်လည်စတင်လာခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ ကတည်းက ကမ္ဘောဒီးယားရောက် ထိုင်းနိုင်ငံသားတွေကို နေရပ်ပြန်ဖို့ ဖနွမ်ပင်မှာရှိတဲ့ ထိုင်းသံရုံးနဲ့ ဆီယမ်ရိမှာရှိတဲ့ ကောင်စစ်ဝန်ရုံးတို့က တိုက်တွန်းထားပြီး အဲဒီနောက် ထိုင်းနိုင်ငံသား ၄၀၀ လောက်ဟာ နေရပ်ကို ပြန်လာခဲ့ပြီး ဖြစ်ကြောင်းလည်း နစ်ခွန်ဒက်ဂျ်က ပြောကြားသွားပါတယ်။
ကိုးကား: Bangkok Post

















































