စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထိုးပေးနေတဲ့ ကာကွယ်ဆေးက ဘယ်လောက်အကာအကွယ်ဖြစ်ပါသလဲ ပြည်သူ့ဘဏ္ဍာငွေနဲ့ တရုတ်ကနေဝယ်ထားတဲ့ ကာကွယ်ဆေး ၃ သန်းနဲ့အခု စထိုးပေးနေတာပါ။ တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး Sinophram အလုံးရေ ၂ သန်းနဲ့ Sinovax အလုံးရေ ၁ သန်း ဖြစ်ပါတယ်။
WHO က အရေးပေါ်သုံးစွဲခွင့်ပြုထားတဲ့ ကာကွယ်ဆေးစာရင်းမှာ အဲဒီ Sinophram နဲ့ Sinovac နှစ်မျိုးစလုံးပါပြီးတော့ အသက် ၁၈ နှစ်ကနေ ၆၀ အရွယ်တွေထိုးနှံနိုင်တယ်လို့ ပြောထားပါတယ်။
Sinophram ရော Sinovac နှစ်မျိုးစလုံးမှာတော့ အသက် ၆၀ အထက်အရွယ်တွေ၊ ကိုယ်ဝန်ဆောင်တွေထိုးနှံရင် ဆေးရဲ့ဆိုးကျိုးနဲ့ ကာကွယ်နိုင်မှု ဘယ်လိုရှိတယ်ဆိုတာကို လုံလောက်တဲ့စမ်းသပ်မှုအချက်အလက်တွေမရှိသေးဘူးလို့ ဆိုထားပါတယ်။ အသက် ၆၀ အထက်တွေမထိုးရဘူးလို့တော့ပြောမထားပါဘူး။ ဒီဆေးတွေကို အသက် ၆၀ အထက်တွေ ထိုးပေးမယ့်နိုင်ငံတွေအနေနဲ့ ဘေးအန္တရာယ်ကင်းမှုကိုတော့ အနီးကပ်စောင့်ကြည့်ရမယ်လို့ WHO က ဆိုထားပါတယ်။
Sinophram နဲ့ Sinovac နှစ်မျိုးထဲမှာတော့ Sinovac ကတော့ အင်ဒိုနီးရှားနိုင်ငံမှာ အဲဒီဆေးထိုးထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကူးစက်ခံရပြီးသေဆုံးတာတွေရှိခဲ့ပါတယ်။ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနကတော့ Sinovac ထိုးထားသူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေအဖြစ်မသတ်မှတ်ဘူးလို့ ကြေငြာထားပါတယ်။
WHO က အရေးပေါ်သုံးစွဲခွင့်ပြုထားတဲ့ကာကွယ်ဆေးတွေနဲ့ပတ်သက်လို့ ဘယ်ဆေးကပိုကောင်းတယ်လို့ WHO အနေနဲ့မှတ်ချက်ပေးထားတာမရှိပေမယ့် WHO စာရင်းထဲမှာပါတဲ့ ကာကွယ်ဆေးတွေဟာ ကိုဗစ်ကြောင့်ရောဂါပြင်းထန်ခံစားရတာ ဆေးရုံတက်ရောက်ကုသရတဲ့အခြေအနေတွေကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးကို ကိုဗစ်ရောဂါလတ်တလောခံစားနေရသူတွေ၊ ကာကွယ်ဆေးမှာပါတဲ့ပစ္စည်း တွေနဲ့ဓာတ်မတည့်တဲ့ရာဇဝင်ရှိသူတွေ၊ ကိုယ်အပူချိန် 38.5 C ရှိတဲ့သူတွေမထိုးသင့်ပါဘူး။
လတ်တလောမြန်မာပြည်မှာ ပုဂ္ဂလိကပိုင်းကနေထိုးနှံပေးဖို့ပြင်နေတာတွေရှိပြီး အဲဒါတွေကလည်း တရုတ်နိုင်ငံထုတ် အဲဒီဆေး ၂ မျိုးပဲဖြစ်ပါတယ်။
ကာကွယ်ဆေးတွေက ရေဂါလုံးဝမကူးစက်အောင်မကာကွယ်နိုင်ပေမယ့် ကူးစက်ခံရရင် ရောဂါပြင်းထန်မှုကိုလျော့ချပေးနိုင်တာကြောင့် အခွင့်ရေးရရင် ကာကွယ်ဆေးထိုးနှံသင့်ပါတယ်။
အခု စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထိုးပေးနေတဲ့ကာကွယ်ဆေးတွေကလည်း ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ဝယ်ထားတာဖြစ်လို့ပြည်သူတိုင်းမှာ ထိုးနှံခွင့်အပြည့်ရှိပါတယ်။
ကာကွယ်ဆေးထိုးထားပြီးခဲ့ရင်လည်း Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ။
ကိုးကား – Strategic Advisory Group of Experts on Immunization -WHO
