ကရင်မလင် နန်းတော်က ပူတင် အနေနဲ့ သီးသန့်ခွဲခြား နေထိုင်ဖို့ လိုအပ်ကြောင်း စက်တင်ဘာ ၁၄ ရက်မှာ အတည်ပြု ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ Quarantine ဝင်တယ်လို့ မသုံးနှုန်းဘဲ လူအများနဲ့ ခွဲခြားနေမယ်လို့သာ ဖော်ပြသွားပါတယ်။
ပူတင်ရဲ့ အတွင်းစည်း အသိုက်အဝန်းမှာ ရှိနေသူတစ်ဦး နေထိုင်မကောင်းလို့ ဆေးစစ်ကြည့်တဲ့ အခါမှာ ကိုဗစ်ရောဂါ ဖြစ်ပွားနေကြောင်း Positive အဖြေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် သတ်မှတ် စည်းမျဉ်းတွေနဲ့အညီ သမ္မတလည်း Quarantineဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ပူတင်ဟာ ဧပြီလ ကတည်းက ပြည်တွင်းဖြစ် ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေး Sputnik Vကို နှစ်ကြိမ်အပြည့် ထိုးနှံခဲ့ပြီးသားပါ။ သူဟာ စက်တင်ဘာ ၁၃ ရက်တုန်းက လူစည်ကားတဲ့ အခမ်းအနား တချို့ကို တက်ရောက်ထားခဲ့ပါသေးတယ်။ လောလောဆယ် သမ္မတရဲ့ ကျန်းမာရေးက အလုံးစုံ ကောင်းမွန်တယ်လို့ ကရင်မလင် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။
ပူတင် အနီးကပ် ထိတွေ့မိတဲ့ ကူးစက်လူနာက ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ မကြေညာပါဘူး။ လတ်တလောမှာ ပူတင်ရဲ့ ဆေးစစ်ရလဒ်ကလည်း Negativeအဖြေ ထွက်ထားတယ်လို့ သိရပါတယ်။

Public Service Announcement


















































