လစ်သူယေးနီးယား နိုင်ငံက အမျိုးသား တစ်ဦးရဲ့ အစာအိမ်ထဲမှာ လက်သည်းစတွေ၊ သံဝက်အူတွေ၊ ဓားအပိုင်းအစတွေ၊ သံတွေကို ဆရာဝန်တွေက ရှာတွေ့ခဲ့ပါတယ်။
အဲဒီ အမျိုးသားဟာ အရက်ဖြတ်လိုက်ပြီးတဲ့နောက် စိတ်မတည်မငြိမ် ဖြစ်ပြီး လက်သည်းတွေ ကိုက်ခဲ့ပါတယ်။ ပြီးတော့ သတ္တု အပိုင်းအစတွေကိုလည်း မြိုချခဲ့တယ်လို့ ဆိုပါတယ်။
လနဲ့ချီ ကြာမြင့်ပြီးတဲ့ အခါမှာတော့ ဗိုက်နာလာလို့ ဆေးခန်း သွားပြပြီး ဆရာဝန်တွေက ဓာတ်မှန် ရိုက်ကြည့်တဲ့အခါ အစာအိမ်ထဲမှာ မရှိသင့်တဲ့ ပစ္စည်းတွေ တစ်ကီလိုဂရမ် ကျော်ကျော်လောက်ကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
သူ့ကို ကလိုင်ပီဒီ တက္ကသိုလ် ဆေးရုံမှာ ခွဲစိတ်ပေးခဲ့ပြီး အစာအိမ်ထဲက သတ္တု အစအနတွေကို ပြန်ထုတ်ယူခဲ့ပါတယ်။ အဲဒီထဲမှာ အရှည်ဆုံး အပိုင်းက ၄ လက်မလောက် ရှိတယ်လို့ သိရပါတယ်။ ဆရာဝန်တွေကတော့ ကြုံဖူးသမျှ ရှားရှားပါးပါး ခွဲစိတ်မှုမျိုးလို့ နာမည်တပ်ကြပါတယ်။

Public Service Announcement
ဒေသခံ မီဒီယာတွေက သတ္တုအမှိုက် အစအနတွေ ပြည့်နေတဲ့ ခွဲစိတ်ခန်းသုံး လက်တွန်းလှည်း တစ်စီးရဲ့ ဓာတ်ပုံကို ဖော်ပြခဲ့ကြပါတယ်။ အဲဒီ အမျိုးသားရဲ့ အစာအိမ်ကို ရှင်းလင်းဖို့ ခွဲစိတ်ကုသမှုဟာ ၃ နာရီ ကြာမြင့်ခဲ့ပါတယ်။
အခုတော့ လူနာရဲ့ အခြေအနေက တည်ငြိမ် တိုးတက်လာပါပြီ။ သူ့အနေနဲ့ သက်သာပျောက်ကင်းသွားပြီ ဆိုရင်တောင် အကျင့်ဟောင်းကို အဆက်ဖြတ်ရလိမ့်မယ်လို့ ဆရာဝန်တွေက အရွှန်းဖောက် ပြောဆိုခဲ့ကြပါတယ်။


















































