မြို့တော်ဆီ ချီတက်လာတဲ့ သူပုန်တပ်တွေကို တွန်းလှန် တိုက်ထုတ်ရာမှာ ကူညီပေးဖို့ စစ်မှုထမ်းဟောင်းတွေကို အီသီယိုးပီးယား စစ်တပ်က တိုက်တွန်းလိုက်ပါတယ်။
တီဂရေး လွတ်မြောက်ရေးတပ်ဦး (TPLF) တပ်တွေဟာ အခုဆိုရင် အီသီယိုးပီးယားရဲ့ မြို့တော် အက်ဒစ်ဘာဘာရဲ့ မြောက်ဖက် မိုင် ၂၀၀ လောက် အကွာက ကီမစ်ဆီမြို့ကို သိမ်းပိုက်ထားလိုက်ပြီး မြို့တော်ဆီ ချီတက်လာဖို့ ပြင်ဆင်နေပါတယ်။
တီဂရေး ပြည်နယ် အစိုးရနဲ့ ဝန်ကြီးချုပ် အဘီအာမက် ဦးဆောင်နေတဲ့ ဗဟို ဖက်ဒရယ် အစိုးရကြား ပဋိပက္ခတွေကို အကြောင်းပြုပြီး အီသီယိုးပီးယား ပြည်တွင်းစစ် စတင်လာတာ တစ်နှစ်လောက် ရှိခဲ့ပါပြီ။ မူလတုန်းက နိုင်ငံမြောက်ပိုင်း တီဂရေး ပြည်နယ်မှာ တိုက်ပွဲတွေ အဓိက ပြင်းထန်နေခဲ့ပေမယ့် အခုအခါမှာတော့ TPLFက စစ်ရေးသာလာပြီး အိမ်နီးချင်း ပြည်နယ်တွေထိ စစ်ကြောင်းတွေ ဖြန့်လာပါတယ်။
မြို့တချို့ကို TPLFက သိမ်းပိုက်လာတဲ့ အခါမှာတော့ ဝန်ကြီးချုပ် အဘီက အက်ဒစ်ဘာဘာ မြို့ခံတွေ အနေနဲ့ ရရာလက်နက် ဆွဲကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြဖို့ အသင့်ပြင်ဆင်ထားသင့်ကြောင်း နှိုးဆော် သတိပေးခဲ့ပါတယ်။
အခုအခါမှာ အီသီယိုးပီးယား စစ်တပ်ကလည်း စစ်မှုထမ်းဟောင်းတွေ တပ်ထဲပြန်လာပြီး TPLFကို တိုက်ခိုက်ရာမှာ ပါဝင်ကူညီကြဖို့ တိုက်တွန်းလိုက်တာပါ။ အက်ဒစ်ဘာဘာမှာ စစ်ရိပ်စစ်ငွေ့တွေ သန်းလာတဲ့နောက် အမေရိကန် သံရုံးကလည်း အီသီယိုးပီးယားရောက် အမေရိကန် နိုင်ငံသားတွေ အားလုံး အမြန်ဆုံး ထွက်ခွာကြဖို့ လမ်းညွှန်ထားပါတယ်။
ဒီအတောအတွင်း အစိုးရ ဆန့်ကျင်ရေး အင်အားစု ၉ ခုက ဝန်ကြီးချုပ် အဘီကို ဖြုတ်ချဖို့အတွက် မဟာမိတ် ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တစ်ဦးဖြစ်တဲ့ အဘီကတော့ သူ့အနေနဲ့ အလျှော့ပေးသွားဖို့ မရှိဘဲ ဆက်ပြီး တိုက်ပွဲဝင်နေဦးမယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက နှစ်ဖက်စလုံး ရန်လိုမှုတွေ ရပ်တန့်ပေးဖို့ တောင်းဆိုနေပေမယ့် အခြေအနေတွေ တိုးတက်မလာသေးပါဘူး။ အီသီယိုးပီးယားမှာ စစ်ပွဲ စတင်ချိန် ကတည်းက လူပေါင်း ထောင်ချီ သေဆုံးပြီး သန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို လူ ၄ သိန်းလောက် အငတ်ဘေး ဆိုက်မယ့် အခြေအနေ ကြုံနေကြောင်း သိရပါတယ်။
