အီသီယိုးပီးယား နိုင်ငံမှာ နှစ်ပေါင်း ၁၂၀၀၀ နီးပါး လုံးဝ ငြိမ်သက်နေခဲ့တဲ့ မီးတောင်တစ်ခု ပေါက်ကွဲခဲ့ကြောင်း သိရှိရပါတယ်။
နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း၊ အာဖာဒေသမှာရှိတဲ့ ဟေလီ ဂူဘီ မီးတောင်ဟာ နိုဝင်ဘာ ၂၃ ရက်နေ့က နာရီပေါင်း အတော်ကြာအောင် ဆက်တိုက် ပေါက်ကွဲနေခဲ့တာ ဖြစ်ပါတယ်။
မီးတောင် ပေါက်ကွဲမှုကြောင့် ၉ မိုင်လောက် အမြင့်ရှိတဲ့ မီးခိုးလုံးကြီး ထွက်ပေါ်လာခဲ့သလို မြေထဲပင်လယ် ခြားထားတဲ့ ယီမင်နဲ့ အိုမန်နိုင်ငံတွေကိုပါ မီးခိုးပြာမှုန် တိမ်တိုက်တွေ လွင့်မျော ရောက်ရှိခဲ့ပါတယ်။
အီသီယိုးပီးယားရဲ့ မြို့တော် အက်ဒစ်ဘာဘာရဲ့ အရှေ့မြောက်ဖက် မိုင်ပေါင်း ၅၀၀ ဝန်းကျင် အကွာမှာ တည်ရှိတဲ့ မီးတောင် ပေါက်ကွဲမှုမှာ လူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒေသတွင်းက မွေးမြူရေး လုပ်ငန်းတွေ အပါအဝင် စီးပွားရေး ကဏ္ဍတွေမှာ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေ ကြုံလာနိုင်ကြောင်း လေ့လာသူတွေက ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Public Service Announcement
အရင်က ဘယ်တုန်းကမှ ဟေလီ ဂူဘီ မီးတောင် ပေါက်ကွဲမှု သတင်းမျိုး မကြားခဲ့ဖူးကြောင်း၊ အခုပေါက်ကွဲမှု အပြီးမှာတော့ ဒေသခံတွေ အနေနဲ့ အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်လာနိုင်တဲ့ အလားအလာတွေအပေါ် စိုးရိမ်နေတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
လူနဲ့ တိရစ္ဆာန် အသေအပျောက် မရှိပေမယ့် အနီးတဝိုက် ကျေးရွာတွေကို ပြာတွေ ဖုံးသွားပြီး စားကျက်မြေတွေလည်း ပျက်စီးကုန်တာကြောင့် တိရစ္ဆာန်တွေ အစာငတ်ကုန်မှာစိုးရိမ်နေရတယ်လို့ ရွာလူကြီး တစ်ဦးက ပြောပါတယ်။
မီတာ ၅၀၀ လောက်မြင့်တဲ့ မီးတောင်ဟာ မြေအောက် ကျောက်လွှာချပ်ကြီးနှစ်ခု စုဆုံရာ ရစ်ဖ်တောင်ကြားမှာ တည်ရှိပါတယ်။ အဲဒီ မီးတောင်ဟာ ရေခဲခေတ်အကုန် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀၀ လောက်က စတင်ပေါ်ပေါက်လာခဲ့ပြီး အဲဒီနောက်ပိုင်း လှုပ်ရှားပေါက်ကွဲခဲ့တယ်ဆိုတဲ့ အထောက်အထား မရှိတော့ကြောင်း မီးတောင်ပညာရှင်တွေက ပြောပါတယ်။
အမေရိကန်ရဲ့ မစ်ချီဂန် နည်းပညာ တက္ကသိုလ်က မီးတောင်ပညာရှင် တစ်ဦးဖြစ်သူ ပရော်ဖက်ဆာ ဆိုင်မွန်ကန်းကလည်း အရင်က အဲဒီမီးတောင် ပေါက်ကွဲဖူးတယ်ဆိုတဲ့ မှတ်တမ်းမျိုး မတွေ့ရကြောင်း အတည်ပြုသွားပါတယ်။
ကိုးကား: Guardian
















































