Teslaနဲ့ SpaceXတို့လို မျိုးဆက်သစ် အဆင့်မြင့် နည်းပညာ လုပ်ငန်းစုကြီးတွေကို ဦးဆောင်နေတဲ့ မတ်စ်ခ်ဟာ ၂၀၂၁ ခုနှစ်အတွက် Time မဂ္ဂဇင်းက ရွေးချယ်တဲ့ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ သူဟာ Tesla လျှပ်စစ်ကား လုပ်ငန်းရဲ့ အောင်မြင်မှုတွေကြောင့် ဒေါ်လာ ၃၀၀ ဘီလီယံ ဝန်းကျင်ထိ ကြွယ်ဝလာပြီး ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ်လည်း ရပ်တည်နေပါတယ်။
မတ်စ်ခ်မှာ ကောင်းမွန်တဲ့၊ စံနမူနာ ယူထိုက်တဲ့ အချက်တွေ အများကြီး ရှိနေပေမယ့် အခွန်ကိစ္စနဲ့ ပတ်သက်လို့ သဘောထားတွေ၊ အလုပ်သမား သမဂ္ဂတွေနဲ့ ပတ်သက်လို့ ဆန့်ကျင် ရပ်တည်ခဲ့တာတွေ၊ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး အလေးမထားတဲ့ အပြောအဆိုမျိုးတွေကလည်း အငြင်းပွားစရာ အခြေအနေတွေ ပေါ်ပေါက်လာစေပါတယ်။
မတ်စ်ခ်ဟာ လူပြက်တစ်ယောက်၊ ပါရမီရှင်တစ်ယောက်၊ အမြင်ထက်သန်သူတစ်ယောက်၊ စက်မှုလုပ်ငန်းရှင် တစ်ယောက်၊ လူ့ပေါ်ကျော့တစ်ယောက် စသဖြင့် မျိုးစုံ သတ်မှတ် ခံရကြောင်း၊ သူ့ရဲ့ အကောင်းအဆိုး မျိုးစုံ ရောပြွန်းနေတဲ့ သဘော သဘာဝကို ထောက်ခံသည်ဖြစ်စေ၊ မနှစ်မြို့သည်ဖြစ်စေ၊ အခုနှစ်ထဲမှာတော့ မတ်စ်ခ်ဟာ လှုပ်လှုပ်ခတ်ခတ် အဖြစ်ဆုံး သတင်းလူသားတစ်ယောက်ဆိုတာ ခြွင်းချက်မရှိ လက်ခံရမယ်လို့ Timeမဂ္ဂဇင်း အယ်ဒီတာတွေက ဆိုပါတယ်။

Timeရဲ့ တစ်နှစ်တာ အထင်ရှားဆုံး ပုဂ္ဂိုလ်တွေ ရွေးချယ်မှုက တစ်ခါတလေမှာ အငြင်းပွားစရာတွေ ပေါ်လာတတ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ အဆိုးတကာ့ အဆိုးဆုံးပဲလို့ Twitterမှာ ဝေဖန် ရေးသားမှုတွေ ရှိနေပါတယ်။ အထူးသဖြင့် သူ့ရဲ့ အခွန်ရေးရာ မှတ်တမ်းတွေနဲ့ ပတ်သက်လို့ အတော်လေး ထိုးနှက် ခံခဲ့ရပါတယ်။

Public Service Announcement
အမေရိကန် အထက်လွှတ်တော်အမတ် အဲလိဇဘက်သ် ဝါနာက Timeရဲ့ တစ်နှစ်တာ အထင်ရှားဆုံး ပုဂ္ဂိုလ် ရွေးချယ်မှုဟာ အမေရိကန် ပြည်သူတွေအတွက် အမှန်တကယ် အခွန်ထမ်းဆောင်သူ ဖြစ်ရမယ်ဆိုတဲ့ အချက် ထည့်သွင်းသင့်နေပြီလို့ Twitterမှာ ရေးသားခဲ့ပါတယ်။ အောက်လွှတ်တော်အမတ် ပရာမီလာ ဂျာယာပဲလ်ကလည်း မတ်စ်ခ်အနေနဲ့ အခွန်ဆောင်ဖို့ အချိန် ‘Time’ရောက်နေပြီလို့ Twitterမှာ ရေးသားထားတာ တွေ့ရပါတယ်။
ကာယကရှင် မတ်စ်ခ်ကတော့ Timeမဂ္ဂဇင်းရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကျေးဇူးတင်ပါတယ် ဆိုတဲ့ တစ်ကြောင်းတည်းပဲ Twitterပေါ်မှာ တိုတိုတုတ်တုတ် ဖော်ပြထားပါတယ်။ Time မဂ္ဂဇင်းက မတ်စ်ခ်ကို ရွေးချယ်တာနဲ့ ပတ်သက်လို့ လူမှုကွန်ရက် မီဒီယာတွေမှာ သူ့ကို အားပေးတဲ့ ပရိသတ် အခိုင်အမာ ရှိနေတဲ့ အချက်ကိုလည်း ထည့်သွင်း ဖော်ပြခဲ့ပါတယ်။ Twitterမှာ မတ်စ်ခ်ရဲ့ Followerပေါင်း ၆၆ သန်းကျော် ရှိနေတယ်လို့လည်း သိရပါတယ်။


















































