Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မော်ရိုကိုမှာ ငလျင်လှုပ်ပြီး လူ ၃၀၀ နီးပါးသေဆုံး

မော်ရိုကိုမှာ ငလျင်လှုပ်ပြီး လူ ၃၀၀ နီးပါးသေဆုံး

မော်ရိုကိုနိုင်ငံ အလယ်ပိုင်းမှာ ဖျက်ဆီးအား ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ရစ်ချ်တာစကေး ၆.၈ အဆင့် ငလျင်ဟာ ဟိုက်အက်တ်လက်စ် တောင်တန်းတွေနား မြေအနက် ၁၈.၅ ကီလိုမီတာကို ဗဟိုပြုခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကြောင့် အနီးမှာရှိတဲ့ မာရာကက်ရှ်နဲ့ တခြားမြို့တွေမှာ ထိခိုက်ပျက်စီးမှု အများအပြား ဖြစ်ခဲ့သလို လူတွေ ရာနဲ့ချီ သေဆုံးခဲ့တာပါ။

လောလောဆယ်ထိ အသေအပျောက် ၂၉၆ ဦး စာရင်းရထားပေမယ့် ကိန်းဂဏန်းတွေက ဒီထက် သိသိသာသာ ပိုတိုးလာနိုင်ခြေ ရှိနေပါတယ်။

လူမှုကွန်ရက် မီဒီယာ Xပေါ်မှာတော့ စက်တင်ဘာ ၈ ရက် ငလျင်ကြောင့် အဆောက်အအုံတွေ ထိခိုက် ပျက်စီးထားတာတွေ၊ လမ်းပေါ်မှာ အပျက်အစီး အစအနတွေ ပြန့်ကြဲနေတာတွေကို ဗီဒီယို မှတ်တမ်းတွေအဖြစ် တင်ထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

မာရာကက်ရှ် မြို့ဟောင်း ဧရိယာမှာရှိတဲ့ တချို့သော အဆောက်အအုံတွေကတော့ ပြားပြားဝပ် ပြိုကျသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ငလျင်အပြီးမှာ အားကောင်းတဲ့ ငလျင်ငယ်တွေလည်း ဆက်လှုပ်ခတ်နေခဲ့တာကြောင့် ဒေသခံတွေဟာ အိမ်ထဲ ပြန်မဝင်ရဲဘဲ လမ်းပေါ်ထွက်နေကြရပါတယ်။

မာရာကက်ရှ်ဟာ ဒေသတွင်းမှာ သမိုင်းဝင် ရှေးမြို့တစ်ခုဖြစ်ပြီး အထူးသဖြင့် မြို့ဟောင်းဧရိယာဖက်က အဆောက်အအုံတွေဟာ သက်တမ်းရှည်ကြာနေတာကြောင့် ငလျင်ဒဏ်ကို မခံနိုင်ကြပါဘူး။

လူတိုင်းရဲ့ မျက်နှာမှာ တုန်လှုပ်မှုတွေ၊ သွေးပျက်မှုတွေကို မြင်နေရကြောင်း၊ နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်တိုင်း အဆောက်အအုံတွေ ရွေ့သွားတယ်လို့ ခံစားရကြောင်း၊ ကလေးတွေလည်း အရမ်းကြောက်ပြီး ငိုကြွေးနေကြကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။

ငလျင်ကြောင့် ဖုန်းလိုင်းတွေ ပြတ်တောက်ကုန်ပြီး ဆက်သွယ်ရေးမှာလည်း အခက်အခဲတွေ ဖြစ်နေပါတယ်။ ကယ်ဆယ်ရေးတွေဟာ အဆောက်အအုံ တစ်ခုရဲ့ အပျက်အစီးတွေအောက် ပိတ်မိနေတဲ့ မိသားစု တစ်ခုကို ကယ်ဆယ်ဖို့ ကြိုးစားနေသလို လူတွေ အများအပြားကိုလည်း ဆေးရုံပို့ရင်း အလုပ်များနေခဲ့ကြပါတယ်။

ငလျင်ရဲ့ ဗဟိုချက်ဟာ လူသူအရောက်အပေါက် နည်းပါးတဲ့ တောင်တန်းကို ဦးတည်ခဲ့တဲ့တိုင် မြေတိမ်ငလျင် အမျိုးအစား ဖြစ်နေတာကြောင့် မြေမျက်နှာပြင်ပေါ်မှာ ထိခိုက်သက်ရောက်မှုတွေ ပိုမို ပြင်းထန်ခဲ့ပါတယ်။ ငလျင်ရဲ့ တုန်ခါမှုကို ကီလိုမီတာ ၃၅၀ လောက် ကွာဝေးတဲ့ ကာဆာဘလန်ကာနဲ့ အက်ဆိုရီရာ ဒေသတွေကပါ သက်ရောက် ခံစားခဲ့ရတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook