လူမျိုးရေး ပဋိပက္ခတွေကြောင့် ဒေသတွင်း မငြိမ်သက်မှုတွေ ပေါ်ပေါက်နေတဲ့ အိန္ဒိယနိုင်ငံ ၊မဏိပူရ ပြည်နယ်မှာ ပြည်နယ် ဝန်ကြီးချုပ် အိမ်တော်ကို တိုက်ခိုက်ဖို့ ကြိုးစားသူတွေနဲ့ အိန္ဒိယ ရဲတပ်ဖွဲ့ကြား ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
စက်တင်ဘာ ၂၈ ရက်က ညမထွက်ရ၊ လူအများ မစုဝေးရ အမိန့်တွေကို ဖီဆန်ပြီး ဆန္ဒပြသူ တချို့က ဝန်ကြီးချုပ် အိမ်တော်ထဲ ဝင်ရောက်ဖို့ ကြိုးစားတာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ အသုံးပြုပြီး လူစုခွဲခဲ့တာ ဖြစ်ပါတယ်။ အခြေအနေက အရမ်းတင်းမာတဲ့အဆင့် ရောက်နေတယ်လို့ ရဲတွေက ပြောပါတယ်။
အဲဒီဖြစ်စဉ် မတိုင်ခင် တရက်ကလည်း ပြည်နယ်အစိုးရကို ဦးဆောင်နေတဲ့ အာဏာရပါတီရဲ့ ရုံးခန်းတခုကိုပစ်မှတ်ထား ဖျက်ဆီးမှုတွေ ကြုံခဲ့ရပါတယ်။ နောက်ပြီး ရဲတွေ စုဝေးနေတဲ့ နေရာ ၂ ခုကို မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်မှာ လူဦးရေ အများဆုံး တိုင်းရင်းသား မျိုးနွယ်စု နှစ်ခု ကသည်းနဲ့ ကူးကီး မျိုးနွယ်စုကြား ပိုင်နက်နယ်မြေ၊ အလုပ်အကိုင် အခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုတွေကြောင့် ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေပါတယ်။ ဒေသတွင်း အခြေအနေက ပြည်တွင်းစစ် ဖြစ်သလိုကို တင်းတင်းမာမာ ရှိနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
အခုသီတင်းပတ်ထဲမှာလည်းမီထိုင် (ကသည်း) ကျောင်းသားနှစ်ဦး ပြန်ပေးဆွဲ သတ်ဖြတ် ခံရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ပြည်နယ် အစိုးရရဲ့ ကိုင်တွယ်ပုံကို မကျေနပ်လို့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကနေ ဗုဒ္ဓဟူးနေ့မှာလူပေါင်း ၈၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ကျောင်းသား ၂ ဦးဟာ ဇူလိုင်လကတည်းက ပျောက်ဆုံးနေခဲ့တာကနေ ဒီတစ်ပါတ်မှာ သူတို့ ၂ ဦး ဟာအသတ်ခံရပြီး ရုပ်အလောင်းကိုပြန်တွေ့တဲ့သတင်းတွေ ပျံနှံ့ပြီးတဲ့နောက် အဓိကရုဏ်းတွေ တစ်ဖန်ပြန်ဖြစ်လာခဲ့တာပါ။

Public Service Announcement
ပြည်နယ် ဝန်ကြီးချုပ်က လူသတ်မှု ကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်မယ်လို့ကြေညာထားပေမယ့် ပြည်နယ်အစိုးရရဲ့ကိုင်တွယ်ပုံကို မီထိုင် ကသည်းလူမျိုးတွေက မကျေနပ်ကြပါဘူး။
မဏိပူရမှာ အင်ဖာလ်နဲ့ တချို့နေရာတွေမှာ နေဝင်မီးငြိမ်း ညမထွက်ရ အမိန့်ကို အကန့်အသတ်မရှိ ထုတ်ပြန်ထားပြီး မိုဘိုင်းအင်တာနက် ကွန်ရက်တွေကိုလည်း မြန်နှုန်းလျှော့ချထားတာ တစ်ပတ်နီးပါး ရှိလာပါပြီ။
မဏိပူရမှာ မီထိုင် (ကသည်း)နဲ့ ကူကီ မျိုးနွယ်စုတွေကြား ပဋိပက္ခတွေ မေလဆန်းက စတင်ခဲ့တဲ့နောက် လူပေါင်း ၁၈၀ ထက်မနည်း သေဆုံးပြီး လူဦးရေ ၅၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ အဲဒီ ပြည်နယ် မှာ
ကသည်းလူမျိုးဟာ ၃ ဒသမ ၂ သန်းကျော်ရှိပြီး ပြည်နယ်အလူဦးရေရဲ့ ထက်ဝက်ကျော်ရှိပြီးတော့ ၊တောင်ပေါ်မှာနေထိုင်ကြတဲ့ ကူကီး လူမျိုးတွေဟာ ပြည်နယ်လူဦးရေရဲ့ ၄၂ ရာခိုင်နှုန်းလောက်ရှိပါတယ် ။
