Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရားမဝင် လမ်းကြောင်းက ဝင်လာမယ့် မြန်မာနိုင်ငံသားတွေကို အရေးယူမယ်လို့ ထိုင်းအစိုးရ သတိပေး

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

(ထိုင်းဝန်ကြီးချုပ် ဆာရက်သာ။ဓါတ်ပုံ-File Photo)
(ထိုင်းဝန်ကြီးချုပ် ဆာရက်သာ။ဓါတ်ပုံ-File Photo)

စစ်မှုမထမ်းချင်လို့ တိမ်းရှောင်လာသူတွေ အပါအဝင် ထိုင်းနိုင်ငံထဲကို တရားမဝင် နည်းလမ်းနဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေကြောင်းအရ အရေးယူမယ်လို့ ထိုင်းအစိုးရက သတိပေးလိုက်ပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်က စစ်မှုမထမ်းမနေရ စနစ်ကို အသက်သွင်းမယ်လို့ ကြေညာလိုက်တဲ့နောက် ရက်ပိုင်းအတွင်း ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားမှုတွေ ရုတ်တရက် မြင့်တက်လာသလို ထိုင်း-မြန်မာ နယ်စပ်မှာလည်း တရားမဝင် ဝင်ရောက်လာတဲ့ လူငယ်တွေကို ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေ ပိုများလာပါတယ်။ အဲဒီ အခြေအနေတွေ အပြီးမှာ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က အခုလို သတိပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ တရားဝင် လမ်းကြောင်းကနေ ဝင်ရောက်လာသူ ဘယ်သူ့ကိုမဆို ကြိုဆိုမှာဖြစ်ကြောင်း၊ ဒါပေမဲ့ တရားမဝင်ဘဲ ခိုးဝင်လာတဲ့ ကိစ္စတွေမှာတော့ တရားဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကိုင်တွယ် အရေးယူမှာဖြစ်ကြောင်း၊ ဒီကိစ္စကို လုံခြုံရေး အေဂျင်စီတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးပြီးဖြစ်ကြောင်း ဆရက်သာက ပြောပါတယ်။

သူက တချို့ နိုင်ငံရေး မဟာမိတ်တွေ စိုးရိမ်နေသလို မြန်မာတွေ အစုလိုက် ဝင်ရောက်လာခြင်းကြောင့် ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အရေးတွေ ဆုံးရှုံးမှာကို အလွန်အကျွံ စိုးရိမ်စရာ မလိုကြောင်းလည်း မှတ်ချက်ပေးခဲ့ တယ်။ လောလောဆယ် ဒီကိစ္စတစ်ခုလုံးရဲ့ အဓိက နောက်ခံ အကြောင်းရင်းဟာ စစ်​ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကို ရှောင်လွှဲဖို့သာ ဖြစ်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သမားဆက် တက္ကသိုလ်၊ ပရီဒီ ဘာနွမ်ယောင် အင်စတီကျုရဲ့ အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ အနူဆွန် တာမာဂျိုင်က စစ်မှု မထမ်းမနေရ သတ်မှတ်ချက်ကြောင့် မြန်မာဖက်က ငယ်ရွယ်သန်စွမ်းတဲ့ လုပ်သားရင်းမြစ်တွေ ထိုင်းကို အလုံးအရင်း ဝင်ရောက်လာနိုင်တယ် ဆိုပေမယ့် တရားမဝင် လမ်းကြောင်းကနေ ရောက်လာမယ့် ရွှေ့ပြောင်းလုပ်သားတွေ တိုးလာနိုင်တာကိုလည်း သတိပြုသင့်ကြောင်း ထောက်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ထိုင်းသံရုံးဟာ ဗီဇာလျှောက်ထားမှုတွေ တပြုံတမ တိုးပွားလာမှုကြောင့် နေ့စဉ် လူပေါင်း ၄၀၀ ကိုသာ အရေအတွက် ကန့်သတ်ပြီး ဗီဇာ ထုတ်ပေးမယ်လို့ ကြေညာထားပါတယ်။ နောက်ပြီး မြန်မာပတ်စ်ပို့တ် ကိုင်ဆောင်ထားသူတွေဟာ ဗီဇာမလိုဘဲ အလည်အပတ် အနေနဲ့ ထိုင်းကို ၁၄ ရက်ကြာ သွားရောက်ခွင့် ရှိတယ်လို့လည်း သံရုံးက ထုတ်ပြန်ထားပါတယ်။

နိုင်ငံအနှံ့မှာ အားကောင်းလာတဲ့ လက်နက်ကိုင် တော်လှန်ရေးတွေကြောင့် ဘက်ပေါင်းစုံ အင်အားဆုတ်ယုတ်လာတဲ့ စစ်တပ်ဟာ ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး လက်တွေ့ မကျင့်သုံးခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းခဲ့တာပါ။ အဲဒီ အခြေအနေကြောင့် မြန်မာနိုင်ငံက လူငယ်အများအပြားဟာ ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေဆီ ထွက်ပြေး တိမ်းရှောင်ဖို့ စီစဉ်လာကြတာ ဖြစ်ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...