Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ကို ပစ်မှတ်ထားတဲ့ လုပ်ကြံမှုကို မဟန့်တားနိုင်ခဲ့တဲ့အတွက် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးဌာန အကြီးအကဲ နုတ်ထွက်

သေနတ်သမားဟာ ထရမ့်ရှိနေတဲ့ နေရာနဲ့ အတော်နီးနီး အိမ်တစ်လုံးရဲ့ အမိုးပေါ်မှာ နေရာယူထားခဲ့တာကို ပစ်ခတ်မှု မတိုင်ခင် မိနစ်အတော်ကြာ ကတည်းက အနီးတဝိုက်မှာ ရှိနေသူတွေ သတိပြုမိခဲ့ပါတယ်။

Republican presidential candidate and former U.S. President Donald Trump gestures with a bloodied face as multiple shots rang out during a campaign rally at the Butler Farm Show in Butler, Pennsylvania, U.S., July 13, 2024. REUTERS/Brendan McDermid

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ကို ပစ်ခတ်လုပ်ကြံဖို့ အားထုတ်မှု တစ်ခုကို မတားဆီးနိုင်ခဲ့တဲ့အတွက် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)ရဲ့ အကြီးအကဲဟာ ရာထူးကနေ တာဝန်ယူ နုတ်ထွက်သွားခဲ့ပါတယ်။

လလယ်လောက်တုန်းက ထရမ့်ဟာ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်၊ ဘတ္တလာမြို့မှာ ရွေးကောက်ပွဲကြို မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေတုန်း သေနတ်သမား တစ်ယောက်ရဲ့ ချောင်းမြောင်း ပစ်ခတ်မှုနဲ့ ကြုံတွေ့ခဲ့ပါတယ်။ လုပ်ကြံသူကို လျှို့ဝှက် ထောက်လှမ်းရေး ဌာနရဲ့ အေးဂျင့်တွေက သုတ်သင် ရှင်းလင်းနိုင်ခဲ့ပေမယ့်လည်း ပစ်ခတ်မှုမှာ ထရမ့်က ဒဏ်ရာအနည်းအကျဉ်း ရခဲ့သလို မဲဆွယ်ပွဲကို တက်ရောက်သူ ၁ ဦးသေ၊ ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

ထရမ့်ရဲ့ ဒဏ်ရာကလည်း နားထင်နားကို ကျည်ဆန် ရှပ်မှန်ခဲ့တာဖြစ်ပြီး သေဘေးနဲ့ အရမ်းနီးနီးကပ်ကပ် ဖြစ်ခဲ့တဲ့ သဘောပါ။

Public Service Announcement

Public Service Announcement

သေနတ်သမားဟာ ထရမ့်ရှိနေတဲ့ နေရာနဲ့ အတော်နီးနီး အိမ်တစ်လုံးရဲ့ အမိုးပေါ်မှာ နေရာယူထားခဲ့တာကို ပစ်ခတ်မှု မတိုင်ခင် မိနစ်အတော်ကြာ ကတည်းက အနီးတဝိုက်မှာ ရှိနေသူတွေ သတိပြုမိခဲ့ပါတယ်။ ဌာနရဲ့ တချို့အေးဂျင့်တွေကလည်း သေနတ်သမားကို မြင်တွေ့ခဲ့တယ်ဆိုတဲ့ ထွက်ဆိုချက်တွေ ရှိနေပြီး အဲဒီတစ်ချိန်လုံးမှာ အေးဂျင့်တွေက ဘာလုပ်နေခဲ့သလဲလို့ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

အထူးသဖြင့် ဝေဖန်မှုတွေရဲ့ ပစ်မှတ်ဟာ လျှို့ဝှက်ထောက်လှမ်းရေးဌာန ဒါရိုက်တာဖြစ်သူ ကင်မ်ချိတဲလ်အပေါ် အပြင်းအထန် ကျရောက်ခဲ့ပြီး ဇူလိုင် ၂၃ ရက်နေ့မှာတော့ အဲဒီ အမျိုးသမီးဟာ ရာထူးကနေ တာဝန်ယူ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ဌာနရဲ့ ဒါရိုက်တာ အနေနဲ့ အခုလိုမျိုး လုံခြုံရေး ချွတ်ချော် တိမ်းစောင်းမှု ပြဿနာအတွက် သူဟာ ပြည့်ပြည့်ဝဝ တာဝန်ယူရမယ်လို့လည်း ချိတဲလ်က ဆိုပါတယ်။ သူဟာ ရီပတ်ဘလစ်ကန် ပါတီဖက်ကတင် မကဘဲ ဒီမိုကရက်တစ် ပါတီဝင် တချို့ဆီကပါ နုတ်ထွက်ပေးဖို့ ဖိအားပေး တောင်းဆိုမှုတွေ ခံခဲ့ရပါတယ်။

သူ့အနေနဲ့ အခုပြဿနာအတွက် တိကျတဲ့ ဖြေရှင်းချက်မျိုး မပေးနိုင်သေးလို့ လူအများအတွက် မကျေမနပ် ဖြစ်စရာတွေ ကြုံလာတာကို နားလည်ကြောင်း၊ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့လည်း ကြီးစွာသော စိတ်မကောင်းမှု ဖြစ်ရကြောင်း နုတ်ထွက်စာထဲမှာ ချိတဲလ်က ရေးသားထားခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ချိတဲလ်ဟာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတလျှောက် နိုင်ငံအတွက် အကောင်းဆုံး ပေးဆပ်ခဲ့တဲ့အပေါ် ကျေးဇူးတင်နေမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဇူလိုင် ၁၃ ရက်နေ့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်နေစေမှာဖြစ်ပြီး တိကျတဲ့ အပြီးသတ် အစီရင်ခံစာကို သူကိုယ်တိုင်လည်း စောင့်မျှော်နေတယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။ အမေရိကန်မှာ အလားတူ အခြေအနေမျိုး နောက်ထပ် ဘယ်တော့မှ မကြုံအောင် တားဆီးဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

ဘိုင်ဒန်က ချိတဲလ်ရဲ့ နေရာမှာ အစားထိုးမယ့် ဒါရိုက်တာ အသစ်ကို မကြာခင် တရားဝင် ရွေးချယ်သွားမယ်လို့လည်း ဘိုင်ဒန်က အတည်ပြုသွားပါတယ်။ လောလောဆယ်မှာတော့ အမေရိကန်ရဲ့ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနဟာ ရိုလန်ရိုဝီကို ယာယီ ဒါရိုက်တာ ခန့်အပ်ထားပါတယ်။ ရိုဝီဟာ ဌာနတွင်းမှာ လုပ်သက် ၂၄ နှစ် ရှိထားခဲ့သူဖြစ်ပြီး မနှစ်ကစလို့ ချိတဲလ်ရဲ့ လက်ထောက် ဒါရိုက်တာ တာဝန်ကို ထမ်းဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။