Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သားဖြစ်သူရဲ့ အမှုတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ဘိုင်ဒန် အတည်ပြု

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ သားဖြစ်သူ ဟန်တာ ဘိုင်ဒန်အတွက် တရားဝင် လွတ်ငြိမ်းချမ်းသာခွင့်ကို လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ သားဖြစ်သူ ဟန်တာ ဘိုင်ဒန်အတွက် တရားဝင် လွတ်ငြိမ်းချမ်းသာခွင့်ကို လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပါတယ်။

ဟန်တာဟာ ရာဇဝတ်ကြောင်း စွပ်စွဲမှု နှစ်ခုအတွက် အပြစ်ရှိကြောင်း တရားရုံး ဆုံးဖြတ်ချက်နဲ့ ကြုံတွေ့ထားပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့က သားအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို အတည်ပြုပေးခဲ့တဲ့ အချိန်မှာ ဘိုင်ဒန်က ဟန်တာဟာ တရားဥပဒေရဲ့ ဟာကွက်တချို့ကို အခြေခံပြီး ပစ်မှတ်ထား အပြစ်ရှာ ခံခဲ့ရတာလို့ ဝေဖန်သွားခဲ့ပါတယ်။

သူဟာ သမ္မတအဖြစ် စတင်တာဝန်ယူတဲ့ နေ့ကတည်းက တရားရေး ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်တွေကို ဝင်မစွက်ဖက်ဘူးလို့ ကတိပေးခဲ့ဖူးကြောင်း၊ အဲဒီ ကတိကို တည်ဖို့အတွက် သူဟာ သားဖြစ်သူ မမျှတဘဲ ပစ်မှတ်ထား တရားစွဲဆိုမှုတွေ ကြုံနေရတာတောင် နှုတ်ဆိတ်နေခဲ့ဖူးကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

စက်တင်ဘာလတုန်းက ဟန်တာဟာ အခွန် မသမာမှုဆိုင်ရာ စွပ်စွဲချက်တွေအတွက် အပြစ်ရှိကြောင်း စွပ်စွဲ အတည်ပြု ခံထားရပြီး အဲဒီ မတိုင်ခင် ဇွန်လတုန်းကလည်း တရားမဝင် သေနတ်ကိုင်ဆောင်မှု စွပ်စွဲချက် တစ်ခုအတွက် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ် ခံထားရပါတယ်။ ဒါဟာ လက်ရှိ အာဏာရ အမေရိကန် သမ္မတ တစ်ယောက်ရဲ့ သားသမီးက တရားခွင်မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရတဲ့ ပထမဆုံး ဖြစ်ရပ် အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘိုင်ဒန်က သူဟာ သားဖြစ်သူရဲ့ တရားရေး ပြဿနာတွေမှာ ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ အစဉ်တစိုက် ပြောဆိုနေရာကနေ ရာထူးသက်တမ်း စေ့ကာနီး တစ်လခွဲကျော်လောက် အလိုမှာ အခုလိုမျိုး ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။ စက်တင်ဘာလတုန်းကလည်း အိမ်ဖြူတော် ပြန်ကြားရေး အရာရှိက သမ္မတဟာ သားဖြစ်သူကို လုပ်ပိုင်ခွင့် အာဏာသုံးပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာ ၁ ရက်နေ့၊ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာမှုမှာတော့ ဘိုင်ဒန်က သူ့သားရဲ့ အမှုကိစ္စတွေမှာ နိုင်ငံရေးက ရောယှက်ပါဝင်နေပြီး အဲဒီအတွက် တရားစီရင်မှု စနစ်မှာ လွဲချော် မှားယွင်းတာမျိုး ရှိလာတယ်လို့ ခံစားရကြောင်း ပြောကြားသွားပါတယ်။

သူ့ရဲ့ ဖခင်တစ်ဦး အနေနဲ့၊ သမ္မတ အနေနဲ့ ဆုံးဖြတ်ချက်အပေါ် အမေရိကန် ပြည်သူတွေက နားလည် လက်ခံပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဘိုင်ဒန်က ဆိုပါတယ်။

ဟန်တာရဲ့ အမှုတွေအတွက် စီရင်ချက်တွေကို ဒီဇင်ဘာ ၁၂ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ ချမှတ်ဖို့ မူလက စီစဉ်ထားခဲ့ပါတယ်။

ဘိုင်ဒန်ရဲ့ သမ္မတ သက်တမ်းဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ဒေါ်နယ်လ်ထရမ့်က ဆက်ခံသွားမှာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သားဖြစ်သူကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က စွဲချက်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက် အိမ်ဖြူတော်က အကြောင်းပြချက်ပေး ဖြေရှင်းခဲ့ရပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲဝင် သမ္မတလောင်း အဖြစ်ကနေ ဂျိုးဘိုင်ဒန် နုတ်ထွက်သွားတဲ့နောက် သူ့ရဲ့ နေရာမှာ ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တင်မြှောက်ခံရအောင် ရည်မှန်း ကြိုးစားသွားမယ်လို့ ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အ​မေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ၂၀၂၄ အ​မေရီကန်သမ္မတ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဥ်ပြိုင်​တော့မှာမဟုတ်ဘူးလို့ သူရဲ့​ဖေစ်ဘွခ်စာမျက်နှာကတစ်ဆင့်ကြညာလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကိုဗစ်ရောဂါ ကူးစက် ခံထားရတယ်လို့ စစ်ဆေး တွေ့ရှိခဲ့ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။