အမေရိကန် သမ္မတ ရာထူးကို ပထမအကြိမ် တာဝန်ယူနေခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတုန်းက ဒေါ်နယ်လ်ထရမ့်ဟာ ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်အဖြစ် ဝယ်ယူနိုင်ရေး ဖြစ်နိုင်ခြေတွေကို ရှာဖွေဖို့ လက်အောက် အရာရှိတွေကို ညွှန်ကြားထားကြောင်း ထုတ်ပြောဖူးပါတယ်။ အဲဒီတုန်း ကတည်းက ထရမ့်ဟာ အပြင်းအထန် ဝေဖန်မှုတွေ၊ လှောင်ပြောင်မှုတွေ ခံရတဲ့တိုင် ဒိန်းမတ် လက်အောက်မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ရပ်တည်နေတဲ့ ကျယ်ပြောလှတဲ့ ကျွန်းကြီးကို မျက်စိကျနေကြောင်း မြင်သာခဲ့ပါတယ်။
အခုတော့ ထရမ့်ဟာ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး အိမ်ဖြူတော်ဆီ တကျော့ပြန် ရောက်လာပါတော့မယ်။ တစ်ချိန်က သူပြောဖူးတဲ့ ဂရင်းလန်ကျွန်းကို လက်ဝါးကြီးအုပ် သိမ်းယူရေး ရည်မှန်းချက်က ပျောက်ကွယ်မသွားတဲ့အပြင် လက်ရှိကာလမှာ ပိုပြီးတောင် ထက်သန်လာပုံ ရပါတယ်။ စကားကို စည်းလွတ်ဝါးလွတ် ပြောတတ်တဲ့ ဝသီမျိုးနဲ့ ဘီလီယံနာ သူဌေးကြီးဟာ အမေရိကန် အကျိုးစီးပွားအတွက် လိုအပ်လာမယ်ဆိုရင် ဂရင်းလန်ကျွန်းကို စစ်ရေးအရ သိမ်းယူတာမျိုးတောင် ဖြစ်ကောင်း ဖြစ်နိုင်တယ်ဆိုတဲ့ သဘောထားမျိုး ပြသထားပါတယ်။ ဖလော်ရီဒါမှာရှိတဲ့ သူ့ရဲ့ စံအိမ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ထရမ့်က ဂရင်းလန်ကို စစ်တိုက်ပြီး သိမ်းယူနိုင်ခြေ ရှိသလားဆိုတဲ့ မေးခွန်းမျိုးကို ယတိပြတ် ငြင်းပယ်မသွားခဲ့ပါဘူး။
ဒါ့အပြင် သူသမ္မတဖြစ်လာတဲ့အချိန် ဒိန်းမတ် အစိုးရက ဂရင်းလန်ကျွန်းကို လက်လွှဲရောင်းချဖို့ ငြင်းဆန်နေမယ်ဆိုရင် ဒိန်းမတ်အပေါ် ကုန်စည် အခွန်စည်းကြပ်မှုတွေ အကြီးအကျယ် မြှင့်တင်မယ်လို့လည်း ထရမ့်က ခြိမ်းခြောက်ထားပါတယ်။ ဒီအခြေအနေတွေက ဒိန်းမတ်အတွက် အတော်လေးလည်း ဘေးကျပ်နံကျပ် ဖြစ်လာစေပါတယ်။ ဒိန်းမတ် အစိုးရကတော့ ဂရင်းလန်ကျွန်းဟာ ရောင်းဖို့ မဟုတ်ကြောင်းနဲ့ ဂရင်းလန်ရဲ့ အနာဂတ်ကို ဂရင်းလန် ပြည်သူတွေကသာ ဆုံးဖြတ်ခွင့်ရှိကြောင်း တုံ့ပြန်ထားပါတယ်။ သေချာတာကတော့ ဂရင်းလန်ကို အမေရိကန်အတွက် လိုချင်တယ်ဆိုတဲ့ ထရမ့်ရဲ့ စကားကို ပေါ့ပေါ့ဆဆ သဘောထားလို့ မရတော့သလို သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်းမှာ ဒီကိစ္စက ပိုပြီး ကြီးထွားလာနိုင်ခြေတွေ ရှိနေပါတယ်။
ဒီတော့ အဓိကကျတဲ့ မေးခွန်းက ထရမ့်ဟာ ကမ္ဘာ့မြောက်ဖျားမှာ တည်ရှိပြီး နေရာတော်တော်များများ အအေးဓာတ် လွန်ကဲရင်း ဆီးနှင်းဖုံးလွှမ်းနေတဲ့ ကျွန်းကြီးကို ဘာကြောင့် အသည်းအသန် လိုချင်နေသလဲ ဆိုတာပါပဲ။ ထရမ့်က ဂရင်းလန်ကို ပိုင်ဆိုင်ခြင်းဟာ အမေရိကန်အတွက် စီးပွားရေး အရရော၊ လုံခြုံရေး ရှုထောင့်ကပါ အရမ်း အရေးပါတဲ့ အားသာချက်တွေ ရရှိလာစေနိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။ သူက ဂရင်းလန်ကို ပိုင်ဆိုင်ဖို့ ဆိုတာဟာ ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘဲ ဖြစ်ကိုဖြစ်ရမယ့် ကိစ္စလို့တောင် ပြောထားပါသေးတယ်။

Public Service Announcement
ဂရင်းလန်ကျွန်းမှာ လူသားတွေ မတို့မထိရသေးတဲ့ ရေနံ၊ ဓာတ်ငွေ့တွေအပြင် သန့်စင်စွမ်းအင် ထုတ်လုပ်ရေး ကဏ္ဍမှာ မရှိမဖြစ် လိုအပ်တဲ့ ဓာတ်သတ္တုပစ္စည်း သယံဇာတသိုက်တွေ ကြွယ်ကြွယ်ဝဝ ရှိနေပါတယ်။ ကမ္ဘာကြီးက သန့်စင်စွမ်းအင် နည်းပညာ ကဏ္ဍနောက်ကို ပိုပြီး အရှိန်ကောင်းကောင်းနဲ့ လိုက်ပါနေချိန် ဂရင်းလန်ရဲ့ လစ်သီယမ်၊ ကြေးနီ၊ ကိုဘော့နဲ့ နီကယ် သတ္တုသိုက်တွေဟာ ထရမ့်အတွက် မက်မောချင်စရာတွေ ဖြစ်နေပါတယ်။ ပြီးတော့ ဂရင်းလန်မှာ မြေရှားသတ္တု (REM)တွေလည်း ထွက်ရှိပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ REM စျေးကွက်ကို အဓိက ချုပ်ကိုင်ထားတာက အမေရိကန်ရဲ့ မဟာ ခါးသီးပြိုင်ဘက် တရုတ်နိုင်ငံပဲ ဖြစ်ပါတယ်။
ဂရင်းလန်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် အာတိတ် စက်ဝန်းတဝိုက်မှာ ဩဇာချဲ့ထွင်ဖို့ ကြိုးစားလာနေတဲ့ တရုတ်ရဲ့ ခြေလှမ်းကိုလည်း တားဆီးနိုင်လိမ့်မယ်လို့ ထရမ့်က ယူဆထားပါတယ်။ ပထဝီဝင် နိုင်ငံရေး ရှုထောင့်က ကြည့်ရင်လည်း ဂရင်းလန်ရဲ့ တည်နေရာက ထူးကဲ အရေးပါနေပါတယ်။ ဒါတင်မကသေးဘဲ ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုကြောင့် ရေခဲတွေ လျင်လျင်မြန်မြန် အရည်ပျော်ကျလာနေတာကြောင့် ရေနံတူးဖော်ဖို့ အခွင့်အလမ်းသစ်တွေ ပေါ်ထွန်းလာနိုင်ခြေတွေ ရှိနေပါတယ်။ ၂၀၂၁ ခုနှစ်မှာ နယူးဇီလန် အစိုးရက ကျွန်းပေါ်မှာ ရေနံသိုက် အသစ်တွေ ရှာဖွေ တူးဖော်မှုကို ပိတ်ပင်ထားခဲ့ပေမယ့် ထရမ့်သာ အဲဒီကျွန်းကို ပိုင်ဆိုင်သွားရင် ဒီတားမြစ်ချက်ကို ခပ်လွယ်လွယ် ပယ်ဖျက်လိုက်မယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး။

ဒါတင်မကသေးဘဲ ရေခဲထုတွေ အရည်ပျောက်ကုန်တာက အာတိတ် သမုဒ္ဒရာမှာ သင်္ဘောတွေ ဖြတ်သန်း ခုတ်မောင်းနိုင်မယ့် ရေလမ်းကြောင်း အသစ်တစ်ခုကို ပေါ်ထွန်းလာစေနိုင်ပါတယ်။ အဲဒီအခါ ဆူးအက်တူးမြောင်းကို အားကိုးစရာ မလိုတော့ဘဲ အနောက်ဥရောပနဲ့ အရှေ့အာရှကို ပိုပြီး တိုတောင်းနဲ့ လမ်းကြောင်းမျိုးနဲ့ ဆက်သွယ်နိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ တရုတ်နဲ့ ရုရှားတို့ဟာ အဲဒီရေလမ်းကြောင်းမျိုး ပေါ်ထွန်းလာနိုင်ခြေကို ကြိုတွေးထားပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ ကြိုတင် သဘောတူညီမှုတွေ ရထားပါတယ်။ ဒီတော့ ထရမ့်ကလည်း ဂရင်းလန်ကို ခြေကုပ်ယူပြီး ဒေသတွင်း ပထဝီနိုင်ငံရေး အားပြိုင်မှုမှာ ဝင်နွှဲဖို့ ရည်ရွယ်ထားဟန် ရှိပါတယ်။
နောက်ထပ် အရေးကြီးတာက စစ်ရေး မဟာဗျူဟာ ရှုထောင့်မှာ ဂရင်းလန်က ဘယ်လို အချက်အခြာ ကျသလဲ ဆိုတာပါ။ စစ်အေးခေတ် ကတည်းက ဂရင်းလန်ရဲ့ ပစ်တက်ဖစ်ခ် ဒေသမှာ အမေရိကန်က စစ်စခန်းတစ်ခု တည်ဆောက်ထားပါတယ်။ အဲဒီ စခန်းဟာ ဆိုဗီယက်ဖက်က ပစ်ခတ်လိုက်မယ့် ဒုံးကျည်တွေ လေထဲရောက်လာရင် အစောဆုံး အချက်ပြ သတိပေးနိုင်မယ့် အရေးကြီးတဲ့ စနစ်တွေ ဖြန့်ကျက်ထားပါတယ်။ အဲဒီစခန်းဟာ ဒေသတွင်းမှာ အမေရိကန် ထားရှိတဲ့ ကာကွယ်ရေး အစီအမံ အားလုံးမှာ အဓိက အခြေခံ အုတ်မြစ်လိုတောင် ဖြစ်နေပါတယ်။ တစ်နည်းအားဖြင့် ဂရင်းလန်ဟာ အမျိုးသား လုံခြုံရေး ရှုထောင့်က ကြည့်ရင်လည်း အမေရိကန်အတွက် အင်မတန် တန်ဖိုးရှိနေပြန်ပါတယ်။
ထရမ့်က စီးပွားရေးနဲ့ မဟာဗျူဟာ အခင်းအကျင်းတွေက ချဉ်းကပ်ရင်း ဂရင်းလန်ကို မောင်ပိုင်စီးချင်နေပေမယ့် ကျွန်းပေါ်မှာ နေထိုင်တဲ့ ဒေသခံ ပြည်သူ အများစုကတော့ နိုင်ငံရပ်ခြား အစိုးရ တစ်ခုရဲ့ ဝယ်ယူမှု၊ ဒါမှမဟုတ် ထိန်းချုပ်မှုတွေကို လက်မခံချင်ကြပါဘူး။ အင်နျူရစ် မျိုးနွယ်စုတွေ နှစ်ပေါင်း ထောင်နဲ့ချီ အခြေချ နေထိုင်လာတဲ့ ကျွန်းဟာ ၁၇၂၁ ခုနှစ်မှာ ခေတ်သစ် ကိုလိုနီပြုမူတွေနဲ့ စတင်ထိတွေ့လာရပါတယ်။ ၁၉၅၃ ခုနှစ်ကစလို့ ဒိန်းမတ် လက်အောက်ခံ ဖြစ်လာပြီး ၁၉၇၉ မှာတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ရပ်တည်လာခဲ့ပါတယ်။
ဂရင်းလန် အစိုးရဟာ အမေရိကန်ရဲ့ ကြီးစိုးလိုမှုကို လက်မခံသလို တစ်ဖက်မှာလည်း ဒိန်းမတ်အစိုးရနဲ့ ဆက်ဆံရေး သိပ်အဆင်မပြေပါဘူး။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒိန်းမတ်-ဂရင်းလန် တင်းမာမှုတွေက ပိုမို မြင့်တက်လာနေခဲ့ပါတယ်။ ဂရင်းလန်ဟာ ကိုယ်ပိုင် ထုံးစံ၊ ကိုယ်ပိုင် အုပ်ချုပ်မှုတွေနဲ့ တသီးတသန့် နေချင်နေတဲ့တိုင် မလိုလားအပ်တဲ့ အရှုပ်ထုပ်တွေနဲ့ ဆက်တိုက် ကြုံနေရသလိုပါပဲ။ အခု သီတင်းပတ်ထဲမှာတော့ ထရမ့်ရဲ့ သားဖြစ်သူ ဒေါ်နယ်လ်ထရမ့် ဂျူနီယာက ဂရင်းလန်ကို လေကြောင်းခရီးနဲ့ သွားရောက်ခဲ့ပါတယ်။ လွယ်ကူတဲ့ ကိစ္စမျိုး မဟုတ်ပေမယ့် ထရမ့်ဟာ ဂရင်းလန်ကို ဝယ်ယူနိုင်ရေး အိပ်မက်ကို အကောင်အထည်ဖော်ဖို့ နည်းလမ်းမျိုးစုံနဲ့ အကဲစမ်းနေတာ သေချာပါတယ်။
ဂရင်းလန် ဝန်ကြီးချုပ် မူ့ထ်အီဂတ်တီက ဂရင်းလန်ရဲ့ အချုပ်အခြာ အာဏာကို အတင်းအကျပ် လုပ်ယူထားတဲ့ နည်းလမ်းတွေနဲ့ အပိုင်စီးလို့ မရနိုင်ဘူးလို့ ပြောပါတယ်။ အမေရိကန် အပါအဝင် ပြည်ပနိုင်ငံ အားလုံးဟာ ဂရင်းလန်ရဲ့ ရပ်တည်မှုကို လေးစားပေးဖို့ လိုတယ်လို့လည်း အီဂတ်တီက ဆိုပါတယ်။ ဒီအတောအတွင်း ဒိန်းမတ်ပြည့်ရှင် ဘုရင်ဟာ နိုင်ငံရဲ့ အမှတ်တံဆိပ် သင်္ကေတ အသစ်ကို မိတ်ဆက်ခဲ့ရာမှာ ဂရင်းလန်နဲ့ ဖာရိုးကျွန်းစုတွေကို ထင်ထင်ရှားရှား ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။ ဒါဟာ ထရမ့်ကို တန်ပြန်ပြီး ဂရင်းလန်ကို ဒိန်းမတ်ရဲ့ တရားဝင် ထိန်းချုပ်မှုကို မြင်သာအောင် ဘုရင်က ပြသလိုက်ခြင်း ဖြစ်တယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုမှုတွေလည်း ရှိနေပါတယ်။
သေချာတာကတော့ စီးပွားရေး အရရော၊ မဟာဗျူဟာ ရှုထောင့်ကပါ ဂရင်းလန်ရဲ့ အရေးပါမှုကို မက်မောနေတဲ့ ထရမ့်ဟာ အဲဒီကျွန်းကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို အမျိုးမျိုး ချဉ်းကပ်ပြီး ရှာဖွေနေမှာ ဖြစ်ပါတယ်။ အိမ်ဖြူတော်ကို သူရောက်သွားပြီးတဲ့ နောက်ပိုင်းမှာ ဒီအားထုတ်မှုတွေဟာ သိသိသာသာ အရှိန်မြင့်တက်လာမယ် ဆိုရင်လည်း အံ့ဩစရာ မဟုတ်ပါဘူး။ ရုရှား အစိုးရကတော့ ဂရင်းလန်ကို ထရမ့်က အသည်းအသန် လိုချင်နေတဲ့ အခြေအနေအပေါ် စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း ပြောပေမယ့် တိတိကျကျ ဝေဖန်တာမျိုးတော့ မရှိသေးပါဘူး။
အနာဂတ် ကမ္ဘာ့ရေးရာ အခင်းအကျင်းတွေမှာ အာတိတ်ရပ်ဝန်းဟာ အကြီးအကျယ် အရေးပါလာမယ်လို့ ကျွမ်းကျင်သူ အများစုက အကဲခတ်ထားပါတယ်။ ဒီအခြေအနေမှာ လက်ဦးမှုယူပြီး ထရမ့်က ဂရင်းလန်ကို မောင်ပိုင်စီးချင်နေတာ ဖြစ်ပါတယ်။ ဂရင်းလန်ရဲ့ အနာဂတ်ကတော့ ပြင်ပဖိအားတွေနဲ့ မရေမရာ ဖြစ်လာပါပြီ။ ဒီအတောအတွင်း ဂရင်းလန်ရဲ့ နိုင်ငံရေး ခံယူချက်တွေ၊ ဒိန်းမတ်နဲ့ ဆက်ဆံရေး ကဏ္ဍတွေက ဆင့်ကဲ ပြောင်းလဲမှုတွေ ရှိလာနေဦးမှာပါ။ လျင်လျင်မြန်မြန်နဲ့ ရှုပ်ရှုပ်ထွေးထွေး ပြောင်းလဲနေတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေမှာ ဂရင်းလန်က ပါးပါးနပ်နပ် လိုက်ပါနိုင်မလား ဆိုတာကတော့ စိတ်ဝင်စားစရာ မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။
