အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး အေဂျင်စီက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
‘မယ်လာနီယာကို ဘယ်မှာသတ်ရမလဲ’လို့ နာမည်ပေးထားပြီး ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေ အများစု ထည့်သွင်းထားတဲ့ ဗီဒီယိုကို IRGCနဲ့ ပတ်သက်ဆက်နွှယ်တဲ့ Tasnim သတင်းဌာနက ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဗီဒီယိုထဲမှာတော့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ မက်ဟမ်တန် ဧရိယာထဲက တန်ဖိုးကြီး ဇိမ်ခံအမှတ်တံဆိပ်တွေ ရောင်းချတဲ့ စတိုးတွေရဲ့ ပုံရိပ်တွေ ပါရှိပြီး သမ္မတကတော် မယ်လာနီယာထရမ့် ပုံမှန် သွားလာလေ့ရှိတဲ့ နေရာတွေအဖြစ် ရည်ညွှန်းထားပါတယ်။
မယ်လာနီယာနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်တို့ရဲ့ အသက် ၂၀ အရွယ် သားဖြစ်သူ ဘာရွန်ထရမ့်ကိုလည်း မိခင်နဲ့အတူ လုပ်ကြံဖို့ အခွင့်အလမ်း ရှိနိုင်တယ်လို့ ဗီဒီယိုက ဆိုပါတယ်။ ကြည့်ရှုသူတွေ အနေနဲ့ မယ်လာနီယာကို လုပ်ကြံမယ်ဆိုရင် အဲဒီ နေရာတွေကို ဘယ်လိုဘယ်ပုံ အသုံးချသင့်သလဲ ဆိုတာကိုပါ ဗီဒီယိုထဲမှာ အကြံပေးထားပါတယ်။

Public Service Announcement
Tasnimဟာ အီရန်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ သတင်းဌာန တစ်ခုအဖြစ်လည်း ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ် ခံထားရပါတယ်။ အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေး အေဂျင်စီ ပြောရေးဆိုခွင့်ရ အရာရှိ နိတ်ဟာရင်းက အဲဒီဗီဒီယို ထွက်ပေါ်လာတာကို သတိပြုမိကြောင်း၊ အေဂျင်စီက တာဝန်ယူ ကာကွယ်ပေးရမယ့် လူပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးအတွက် အလေးအနက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း People မဂ္ဂဇင်းရဲ့ အီးမေးလ်ပေးပို့ မေးမြန်းမှုကို ဇူလိုင် ၂၉ ရက်နေ့မှာ ဖြေကြားခဲ့ပါတယ်။
မယ်လာနီယာရဲ့ ခင်ပွန်းဖြစ်သူ ထရမ့်က အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို စစ်ပြုတိုက်ခိုက်ခဲ့တဲ့နောက် ၅ လလောက် အကြာမှာ အခုဗီဒီယို ထွက်ပေါ်လာတာပါ။ Tasnimရဲ့ ဗီဒီယိုဟာ အမေရိကန် မုန်းတီးရေး ဝါဒဖြန့် လှုပ်ရှားမှုရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆမှုတွေလည်း ရှိနေပေမယ့် လျှို့ဝှက် ထောက်လှမ်းရေး အေဂျင်စီကတော့ ကြပ်ကြပ်မတ်မတ် တုံ့ပြန် ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။
အသက် ၈၀ အရွယ် သမ္မတ ထရမ့်ကိုယ်တိုင်လည်း အီရန်က လုပ်ကြံဖို့ အားထုတ်နေတဲ့ အဓိက ပစ်မှတ်တစ်ဦး ဖြစ်နေတယ်လို့ ယုံကြည်ရပါတယ်။ ဇူလိုင် လဆန်းတုန်းက တူရကီနိုင်ငံ၊ အန်ကာရာမြို့မှာ NATO မဟာမိတ်အဖွဲ့ ညီလာခံ တက်ရောက်ပြီးတဲ့နောက် ထရမ့်ဟာ ပိုမိုခေတ်မီအောင် မွမ်းမံထားတဲ့ သမ္မတ စီးတော်လေယာဉ် Air Force One အသစ်အစား လုံခြုံရေး နည်းပညာပိုင်း ပိုအားကောင်းတဲ့ လေယာဉ် အဟောင်းကို ရုတ်တရက် ပြောင်းလဲပြီး စီးနင်းခဲ့ပါတယ်။ ဒါဟာ အီရန်က ရုတ်တရက် တိုက်ခိုက်လာနိုင်ခြေ ရှိတာကြောင့် ကြိုတင် ပြင်ဆင်တဲ့ အစီအမံ တစ်ခုအဖြစ်လည်း ယုံကြည်ရပါတယ်။
ထရမ့်ကိုယ်တိုင်ကလည်း အီရန်ဟာ အမေရိကန် ခေါင်းဆောင်ဖြစ်တဲ့ သူ့ကို အပြတ်ရှင်းချင်နေကြောင်း တူရကီမှာ ရှိနေချိန်တုန်းက မှတ်ချက်ပေးခဲ့ပါတယ်။ အီရန်ရဲ့ သုတ်သင်ရှင်းလင်းချင်သူတွေ စာရင်းမှန်သမျှမှာ သူ့နာမည် ပါဝင်နေကြောင်း၊ ခုထိတော့ သူက နည်းနည်း ကံကောင်းနေဆဲလို့ ဆိုနိုင်ပေမယ့် အဲဒီအခြေအနေ သိပ်ပြီး မကြာတော့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။
ကိုးကား: People Magazine
















































