အမေရိကန် သမ္မတသစ်အဖြစ် ဒေါ်နယ်လ်ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာ နာဇီပုံစံ အလေးပြုတဲ့ အမူအယာမျိုး အီလွန်မတ်စ်က လုပ်ပြခဲ့တယ်ဆိုတဲ့ အငြင်းပွားစရာ အခြေအနေတွေ ထွက်ပေါ်နေပါတယ်။
Teslaနဲ့ SpaceX ကုမ္ပဏီတွေရဲ့ အမှုဆောင်ချုပ်လည်းဖြစ်၊ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီးလည်းဖြစ်၊ ရွေးကောက်ပွဲကြို ကာလမှာ ထရမ့်ရဲ့ မဲဆွယ်မှုတွေအတွက် အရက်ရောဆုံး ထောက်ပံ့လှူဒါန်းခဲ့ပြီး ထရမ့်ရဲ့ အမာခံ မဟာမိတ်လည်းဖြစ်တဲ့ မတ်စ်ခ်ဟာ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲနဲ့ ဆက်စပ်တဲ့ အခမ်းအနားတစ်ခုမှာ ဇန်နဝါရီ ၂၀ ရက်နေ့က နာဇီ အလေးပြုတဲ့ ပုံစံဆန်ဆန် ကိုယ်အမူအယာမျိုး နှစ်ကြိမ် လုပ်ပြခဲ့တာ ဖြစ်ပါတယ်။
ဝါရှင်တန်ဒီစီ မြို့တော်က Capital One မိုးလုံလေလုံ အားကစား ခန်းမထဲမှာ ထရမ့်ကို ထောက်ခံသူတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ မတ်စ်ခ်က အခုလို အခြေအနေမျိုး လက်တွေ့ ဖြစ်မြောက်လာအောင် ဝိုင်းဝန်းထောက်ခံ အားပေးခဲ့လို့ ကျေးဇူးတင်တယ်လို့ ပြောရင်း သူ့ညာလက်ကို ရင်ဘတ်မှာ ကပ်ပြီး အဲဒီနောက် ထောင့်ဖြတ်လွှဲပြီး လေထဲမှာ ဆန့်တန်းခဲ့ပါတယ်။ ပြီးတော့ လက်ချောင်းတွေကို စုထားပြီး လက်ဖဝါးကို အောက်စိုက်ထားခဲ့ပါတယ်။
အဲဒီအမူအယာဟာ ဒုတိယ ကမ္ဘာစစ်တုန်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ နာဇီ ဂျာမနီတွေရဲ့ အလေးပြုတဲ့ ပုံစံနဲ့ ဆင်တူနေကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။ ပရိသတ်ဆီက အားပေးသံတွေ ထွက်လာချိန်မှာ မတ်စ်ခ်က နောက်တစ်ကြိမ် ထပ်လုပ်ပြခဲ့ပြီး အဲဒီအခါမှာတော့ လက်က နည်းနည်း အောက်ကို နိမ့်သွားခဲ့ပါတယ်။ မတ်စ်ကတော့ သူ့ရဲ့ လက်အမူအယာက သူ့နှလုံးသားဟာ ထရမ့်ကို ထောက်ခံ အားပေးသူတွေနဲ့ ထပ်တူ ရှိတယ်ဆိုတာ ရည်ညွှန်းတယ်ဆိုတဲ့ သဘောမျိုး အဲဒီအချိန်မှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement
မတ်စ်ခ်ဟာ သမ္မတ ထရမ့်က သီးခြား ထူထောင်ပြီး လုပ်ငန်းလည်ပတ်စေမယ့် အစိုးရ စွမ်းဆောင်ရည် ထိရောက်စေရေး ဌာနကိုလည်း ကြီးမှူးသွားမှာ ဖြစ်ပါတယ်။
မတ်စ်ခ်ရဲ့ လက်အမူအယာဟာ တကယ်ပဲ နာဇီ အလေးပြုမှု ပုံစံကို ရည်ညွှန်းခဲ့သလား ဆိုတာကို တိတိကျကျ မသိရပေမယ့် လူမှုကွန်ရက်ပေါ်မှာတော့ အတော်ကြီး ဂယက်ထသွားခဲ့ပါတယ်။ နယူးယောက် တက္ကသိုလ်ရဲ့ သမိုင်း ပါမောက္ခ တစ်ဦးဖြစ်သူ ရုသ်ဘန်ဂီယက်ကတော့ အဲဒီ အမူအယာဟာ အင်မတန် စိတ်အားထက်ထက်သန်သန် လုပ်ဆောင်လိုက်တဲ့ နာဇီ အလေးပြုပုံမျိုးနဲ့ တူတယ်လို့ ဝေဖန်ခဲ့ပါတယ်။
လက်ရှိ အချိန်မှာတော့ မတ်စ်ခ်ဟာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဒါပေမဲ့ အဲဒီ အငြင်းပွားစရာ အခြေအနေနဲ့ ပတ်သက်တဲ့ အရွှန်းဖောက် နောက်ပြောင်မှုတွေကို သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာ Xမှာ ပေါ့ပေါ့ပါးပါး လက်ခံထားသလို သဘောမျိုး ပြသထားပါတယ်။
တခြားတစ်ဖက်မှာတော့ မတ်စ်ခ်ဟာ စိတ်အားတက်ကြွ ပျော်ရွှင်တဲ့ ကိုယ်အမူအရာ တစ်ခုကိုသာ ပြသခဲ့တာဖြစ်ပြီး နာဇီ အလေးပြုတဲ့ အဓိပ္ပါယ်လို့ မယူဆသင့်ကြောင်း ကာကွယ် မှတ်ချက်ပေးမှုတွေလည်း ရှိနေပါတယ်။
ကိုးကား: Guardian
