ယူကရိန်း စစ်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့ မြောက်ကိုရီးယား စစ်သား ၁၀၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ယုံကြည်ရကြောင်း အနောက်နိုင်ငံတွေရဲ့ စစ်ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။
မြောက်ကိုရီးယားက ရုရှားအတွက် တပ်ကူအဖြစ် စေလွှတ်ပေးထားတဲ့ တပ်တွေဟာ ယူကရိန်း ပိုင်နက်ထဲမှာ ဖြန့်ကျက်ထားတဲ့ အထောက်အထားမျိုး မတွေ့ရသေးပေမယ့် ရုရှားနိုင်ငံ အနောက်ပိုင်း ကာ့စ်ခ်ဒေသမှာတော့ ယူကရိန်းတပ်တွေနဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားအတွက် တပ်ကူအင်အား ၁၁၀၀၀ လောက် ပို့ဆောင်ထားတယ်လို့ ယူဆရပြီး အဲဒီထဲက ၄၀ ရာခိုင်နှုန်းလောက်၊ တစ်နည်းအားဖြင့် ၄၀၀၀ ကျော်ဟာ သေဆုံး/ဒဏ်ရာရ စာရင်းထဲ ရောက်နှင့်ပြီးပြီလို့လည်း အနောက်မဟာမိတ် နိုင်ငံတွေက ခန့်မှန်းထားပါတယ်။ မြောက်ကိုရီးယားတပ်တွေ ကာ့စ်ခ် စစ်မြေပြင်မှာ စတင် တိုက်ပွဲဝင်ခဲ့တာ ၃ လလောက်သာ ကြာမြင့်ပါသေးတယ်။
ဇန်နဝါရီ လလယ်ထိ မြောက်ကိုရီးယား တပ်တွေရဲ့ သေဆုံး/ဒဏ်ရာရသူ ၄၀၀၀ ကျော် စာရင်းထဲမှာ ၁၀၀၀ ဝန်းကျင်ထဲမှာ သေဆုံးခဲ့သူ အရေအတွက်က ၁၀၀၀ ဝန်းကျင်ထိ များပြားနိုင်တယ်လို့လည်း ဆိုပါတယ်။ ခန့်မှန်း စာရင်းသာ မှန်တယ်ဆိုရင် မြောက်ကိုရီးယားဟာ ယူကရိန်း စစ်ပွဲမှာ ပါဝင်ဖို့ ရွေးချယ် ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား ပေးဆပ်နေရတယ်လို့ သတ်မှတ်ရမှာပါ။

Public Service Announcement
ဒဏ်ရာရထားတဲ့ မြောက်ကိုရီးယား စစ်သားတွေကို ရုရှားမှာပဲ ကုသပေးသလား၊ မြောက်ကိုရီးယား ပြန်ပို့သလား ဆိုတာနဲ့ သူတို့ရဲ့ နေရာမှာ မြောက်ကိုရီးယားက အစားထိုး တပ်ဖွဲ့ဝင်တွေ ပေးပို့မှာလား ဆိုတာတွေကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။
ယူကရိန်းဟာ နိုင်ငံအရှေ့ပိုင်း ဒေသတွေမှာ ရုရှားရဲ့ ဖိအားပေး တိုက်ခိုက်မှုတွေကို တန်ပြန်ဖို့အတွက် မနှစ်က ဩဂုတ်လတုန်းက ရုရှားပိုင်နက် ကာ့စ်ခ်ဒေသထဲ အငိုက်ဖမ်း ထိုးစစ်ဆင်ခဲ့ပြီး ရုရှားနယ်မြေ တော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် မြောက်ကိုရီးယားတပ်တွေ ကာ့စ်ခ်မှာ ဖြန့်ကျက်လာခြင်းနဲ့အတူ ယူကရိန်း တပ်တွေဟာ ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်ပေးနေရပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်ထိ စတုရန်း ကီလိုမီတာ ရာနဲ့ချီ များပြားတဲ့ ရုရှားနယ်မြေ တချို့ကို ယူကရိန်းက ထိန်းချုပ်ထားဆဲပါ။
မြောက်ကိုရီးယားဟာ မုန်တိုင်းတပ်ဖွဲ့လို့ခေါ်တဲ့ အထူးတိုက်ခိုက်ရေး တပ်တွေကို ရုရှားဆီ ပေးပို့ခဲ့တာဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ အဲဒီ တပ်တွေဟာ မြေပြင်တိုက်ပွဲ အတွေ့အကြုံ ကင်းမဲ့သလို အကျွမ်းတဝင် မရှိတဲ့ စစ်မြေပြင်မျိုးမှာ လေ့ကျင့်မှုနဲ့ အကာအကွယ် အရမ်းနည်းတဲ့ အခြေအနေမျိုးနဲ့ ပါဝင်တိုက်ခိုက်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ကိုးကား: BBC
