Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပထမ ကမ္ဘာစစ်ထက် ပိုကြာညောင်းလာတဲ့ ယူကရိန်း စစ်ပွဲ

ယူကရိန်း စစ်ပွဲကာလဟာ ပထမ ကမ္ဘာစစ်ထက် ပိုပြီး ရှည်လျား ကြာညောင်းလာပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - The New York Times

ယူကရိန်း စစ်ပွဲကာလဟာ ပထမ ကမ္ဘာစစ်ထက် ပိုပြီး ရှည်လျား ကြာညောင်းလာပြီ ဖြစ်ပါတယ်။

ရုရှားတပ်တွေက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ခဲ့ရာက စတင်ခဲ့တဲ့ စစ်ပွဲဟာ ဇွန်လ ၁၂ ရက်နေ့မှာတော့ ၁၅၆၉ ရက် ကြာမြင့်လာပြီ ဖြစ်သလို စစ်ပွဲ ပြီးဆုံးမယ့် အလားအလာကိုလည်း မမြင်နိုင်သေးပါဘူး။

၁၉၁၄ ကနေ ၁၉၁၈ ခုနှစ်အတွင်း ဥရောပ နိုင်ငံတွေကြား အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ပထမ ကမ္ဘာစစ်ကတော့ ၄ နှစ်၊ ၃ လနဲ့ ၁၄ ရက်၊ တစ်နည်းအားဖြင့် ရက်ပေါင်း ၁၅၆၈ ရက် ကြာမြင့်ခဲ့ပါတယ်။ ဒါကြောင့် ယူကရိန်း စစ်ပွဲကာလဟာ အဲဒီကမ္ဘာစစ်ထက် ပိုကြာလာပြီ ဖြစ်ပါတယ်။

ပထမ ကမ္ဘာစစ်တုန်းက ကတုတ်ကျင်းထဲမှာ ဆင်းရဲပင်ပန်းစွာ စစ်တိုက်ခဲ့ရတဲ့ စစ်သားတွေလိုပဲ ယူကရိန်း စစ်သည်တွေဟာလည်း စစ်ပွဲကြီး ပြီးဆုံးဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ အခုတော့ သူတို့ တိုက်နေရတဲ့ စစ်ပွဲဟာ စိတ်ဆင်းရဲစရာ သမိုင်းမှတ်တမ်း ကိန်းဂဏန်း မှတ်တိုင် တစ်ခုကိုတောင် ကျော်လွန်သွားခဲ့ပါပြီ။

Public Service Announcement

Public Service Announcement

စစ်သမိုင်း ပညာရှင်တွေက ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်း တပ်တွေရဲ့ ကတုတ်ကျင်း စစ်ဗျူဟာ အခင်းအကျင်းတွေဟာ ပထမ ကမ္ဘာစစ်တုန်းက ပြင်သစ် ကျေးလက်ဒေသတွေမှာ ဂျာမန်တပ်တွေကို ခုခံခံတဲ့ နည်းဗျူဟာကို အမှတ်ရစေတယ်လို့ ပြောပါတယ်။

အဲဒီကာလတွေတုန်းက ပြင်သစ်နဲ့ ဂျာမန် စစ်သားတွေလိုပဲ ယူကရိန်း စစ်မြေပြင်မှာလည်း ရုရှားနဲ့ ယူကရိန်း တပ်ဖွဲ့ဝင်တွေဟာ ကိုက်ရာဂဏန်းလောက် အကွာမှာ အပြန်အလှန် တပ်စွဲပြီး ကတုတ်ကျင်းတွေကနေ အပြန်အလှန် ပစ်ခတ်နေကြပါတယ်။

စစ်ပွဲနှစ်ခုစလုံးဟာ စစ်မြေပြင်တွေဆီကို ပိုမိုဆန်းသစ်တဲ့ စိတ်ကူးတွေ၊ နည်းပညာ အသစ်တွေကို ယူဆောင်လာတဲ့ အချက်မှာလည်း တူညီနေပါတယ်။ ပထမ ကမ္ဘာစစ်မှာ အလွယ်တကူ သယ်ယူနိုင်တဲ့ စက်သေနတ်တွေဟာ ကြီးမားတဲ့ နည်းပညာ အလှည့်အပြောင်းမျိုး ဖြစ်ခဲ့သလို ဓာတုလနက်တွေ၊ တင့်ကားတွေကိုလည်း စတင်အသုံးပြုခဲ့ပါတယ်။ ယူကရိန်း စစ်ပွဲကတော့ ဒရုန်းနည်းပညာကို နိုင်ငံတကာ စစ်ရေးပဋိပက္ခတွေရဲ့ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်လာအောင် ပြောင်းလဲပစ်ခဲ့ပါတယ်။

တကယ်တော့ ယူကရိန်း စစ်ပွဲဆိုတာ ဒရုန်းတွေ ပါလာတဲ့ ပထမ ကမ္ဘာစစ်ပါပဲလို့ ယူကရိန်း သမိုင်းပညာရှင် ယာရိုဆလက်ဗ် ဟိုင်ရစ်ဆက်ခ်က ပြောပါတယ်။ ပထမ ကမ္ဘာစစ်တုန်းကတော့ တစ်ကမ္ဘာလုံးက စစ်သားတွေ ပါဝင် တိုက်ခိုက်ခဲ့ကြပြီး မျက်မှောက် စစ်ပွဲကတော့ နိုင်ငံနှစ်ခုရဲ့ တပ်တွေကပဲ အဓိက ထိပ်တိုက် ရင်ဆိုင်နေကြတာပါ။

ပထမ ကမ္ဘာစစ်မှာ စစ်သားအရေအတွက် ၉ သန်းနဲ့ ၁၁ သန်းကြား သေကြေပျက်စီးခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ယူကရိန်း စစ်ပွဲမှာတော့ နှစ်ဖက် အသေအပျောက် စာရင်းတွေကို မထုတ်ပြန်ပေမယ့် ၅ သိန်းကျော်လောက် ရှိနိုင်ကြောင်း ခန့်မှန်းရပါတယ်။

ပထမ ကမ္ဘာစစ်ကတော့ ၁၅၆၈ ရက်အကြာမှာ အဆုံးသတ်ခဲ့ပေမယ့် ယူကရိန်း စစ်ပွဲကတော့ ပြီးဆုံးသွားမယ့် အလားအလာ မမြင်ရသေးပါဘူး။ စစ်ပြေငြိမ်းရေးအတွက် နောက်ကွယ်မှာ ညှိနှိုင်းမှုတွေ ရှိနေပေမယ့် အကြိမ်ကြိမ် ပျက်ပြယ်ခဲ့ရပါတယ်။

ကိုးကား: New York Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲ ရပ်ဆိုင်းရေး ကိစ္စဟာ တဖြည်းဖြည်း တိုးတက်မှုတွေ ရရှိလာနေပေမယ့် တစ်ဖက်မှာလည်း ဖြတ်ကျော်ရမယ့် အဟန့်အတားတချို့ ကျန်နေဆဲလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးမှုတွေက အပြုသဘောဆန်တဲ့ ရလဒ်တွေ ရှိနေပေမယ့် ဆက်လုပ်ရမယ့် အပိုင်းတွေ ကျန်နေတုန်းလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အသေးစိတ် ဆွေးနွေးလိုကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

နိုင်ငံတကာ

ရုရှား-ယူကရိန်း စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ရေး သေဆုံးခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတွေအတွက် အထိမ်းအမှတ် ခန်းမဆောင် တစ်ခုကို မြောက်ကိုရီးယားက တည်ဆောက်နေပါတယ်။