Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ်တွေ ပြန်လွှတ်ပေးရမယ့် ဓားစာခံတွေထဲက ၈ ဦး သေဆုံးခဲ့ပြီးပြီလို့ အစ္စရေးပြော

ဟားမားစ်တွေ လွှတ်ပေးဖို့ သဘောတူထားတဲ့ ဓားစာခံတွေထဲက ၈ ယောက်ဟာ သေဆုံးသွားခဲ့ပြီးသား ဖြစ်တယ်ဆိုတာ သတင်းရရှိခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။

ဟားမားစ်တွေ လွှတ်ပေးဖို့ သဘောတူထားတဲ့ ဓားစာခံတွေထဲက ၈ ယောက်ဟာ သေဆုံးသွားခဲ့ပြီးသား ဖြစ်တယ်ဆိုတာ သတင်းရရှိခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးစစ်တပ် (IDF)နဲ့ ဟားမားစ်တို့ကြား ၁၅ လကြာ ဆင်နွှဲခဲ့တဲ့ စစ်ပွဲကို ဇန်နဝါရီ ၁၉ ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲထားခဲ့ပါတယ်။ အပစ်ရပ် သဘောတူညီမှုရဲ့ ပထမအဆင့်အဖြစ် ဟားမားစ်တွေ ထိန်းသိမ်းထားတဲ့ အစ္စရေး ဓားစာခံတွေထဲက ၃၃ ဦးကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။

အဲဒီ ၃၃ ဦးထဲက ၇ ဦး ပြန်လည် လွတ်မြောက်ခဲ့ပြီး ဖြစ်ကြောင်း၊ ဒါပေမဲ့ ဟားမားစ်တွေ လက်ထဲမှာ ကျန်နေသေးတဲ့ အစ္စရေး ဓားစာခံ ၂၆ ယောက်ထဲမှာ ၈ ယောက် သေဆုံးခဲ့ပြီးပြီဆိုတဲ့ အကြောင်းကြားမှုကို ဟားမားစ်ဆီကနေ လက်ခံရရှိခဲ့ကြောင်း အစ္စရေး အစိုးရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒေးဗစ်မန်ဆာက ဇန်နဝါရီ ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဓားစာခံတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စာရင်း အချက်အလက်တွေကို ဟားမားစ်တွေဖက်က ပေးပို့လာခဲ့ကြောင်း၊ အဲဒီထဲမှာ ပါဝင်တဲ့ သေဆုံးစာရင်းဟာ အစ္စရေး ထောက်လှမ်းရေးက ကြိုတင်ရရှိထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီကြောင်း၊ ဒါကြောင့် ဓားစာခံ ၈ ဦး သေဆုံးမှုကို အတည်ပြုနိုင်ကြောင်း မန်ဆာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူက သေဆုံးသူတွေရဲ့ နာမည်တွေကို မထုတ်ပြန်ပေမယ့် သက်ဆိုင်ရာ မိသားစု အသီးသီးဆီကိုတော့ အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့၊ အပစ်ရပ် သဘောတူညီမှု စတင် အသက်ဝင် ကတည်းက အမျိုးသမီး ၇ ယောက်ကို ဟားမားစ်တွေဖက်က ပြန်လွှတ်ပေးပြီး ဖြစ်ပါတယ်။ အပြန်အလှန်အဖြစ် အစ္စရေး အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း ၂၉၀ လောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့ ညတုန်းကတော့ ဟားမားစ်တွေဟာ အစ္စရေး အရပ်သူ အမျိုးသမီး အာဘယ်လ် ယီဟွတ်ဒ်၊ အစ္စရေး စစ်သမီး အေဂမ်ဘာဂါနဲ့ တခြား ဓားစာခံ တစ်ယောက်ကို ထပ်ပြီး လွှတ်ပေးမယ်လို့ သဘောတူ ကတိပြုခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။

အဲဒီသဘောတူညီမှုကြောင့်ပဲ နောက်တစ်နေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ အစ္စရေး စစ်တပ်ဟာ ဂါဇာမြောက်ပိုင်းဆီ သွားရောက်တဲ့ လမ်းတွေကို ပိတ်ထားရာက ပြန်ဖွင့်ပေးခဲ့ပြီး ထောင်သောင်းချီ များပြားတဲ့ စစ်ရှောင်တွေဟာ နေရပ်ဆီ ပြန်သွားခဲ့ကြပါတယ်။ အပစ်ရပ် သဘောတူညီချက်အရ အဲဒီလို လမ်းတွေ ပြန်ဖွင့်ပေးဖို့ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကတည်းက လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် ဓားစာခံတွေ ပြန်လွှတ်ရေးကိစ္စ ညှိနှိုင်းမှုမှာ အဖုအထစ်တချို့ ရှိနေခဲ့တဲ့အတွက် အခုလို နှောင့်နှေးခဲ့တာပါ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမားစ်နဲ့ မဟာမိတ် အစ္စလာမ်မစ် ဂျီဟတ် အဖွဲ့က ဂါဇာမြောက်ပိုင်း နယ်စပ်ကို ဖြတ်ကျော်ပြီး အစ္စရေး မြို့ရွာတွေကို စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် လူ ၁၂၀၀ လောက် သေဆုံးခဲ့ပြီး ၂၅၁ ဦးထိ ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။ အဲဒီ တိုက်ခိုက်မှုကို အစ္စရေးက အင်အားအလုံးအရင်းနဲ့ လက်တုံ့ပြန်ခဲ့ရာက ဂါဇာ စစ်ပွဲ စတင်ခဲ့ပြီး ပါလက်စတိုင်းဖက်မှာ လူပေါင်း ၄၇၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အစ္စရေးက လက်ရှိ အချိန်ထိ ဟားမားစ်တွေ ပြန်မလွှတ်သေးတဲ့ ဓားစာခံ ၈၇ ယောက် ရှိနေသေးပြီး အဲဒီထဲက ၃၄ ယောက် သေဆုံးခဲ့ပြီးပြီလို့ ယုံကြည်ရကြောင်း ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။