နှစ်နိုင်ငံ မိသားစုတွေကြား ပြန်လည် ဆုံတွေ့ခွင့်ပြုတဲ့ အဆောက်အအုံကို ဖြိုချပစ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ လူမဆန်လွန်းရာ ကျနေတယ်လို့ တောင်ကိုရီးယားက စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ကိုရီးယား နှစ်နိုင်ငံ ကွဲသွားစေပြီး ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်ထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယား ကျွန်းဆွယ် စစ်ပွဲအတွင်း သန်းနဲ့ချီတဲ့ မိသားစုတွေဟာ နိုင်ငံနှစ်ဖက်ဆီ အသီးသီး ကွဲကွာကုန်ကြပါတယ်။ ကိုရီးယား နှစ်နိုင်ငံ နယ်ခြားအဖြစ် စစ်မဲ့ဇုန် (DMZ)ကို ရေးဆွဲ သတ်မှတ်လိုက်တဲ့နောက် မိဘနဲ့ သားသမီးတွေ၊ ခင်ပွန်းနဲ့ ဇနီးတွေ၊ ညီအစ်ကို မောင်နှမတွေ ကွဲကွာကုန်ကြပါတယ်။
တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့ခြင်း မရှိဘဲ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုသာ ရှိထားတာကြောင့် သီအိုရီအရ ဒီနေ့ထိ စစ်ဖြစ်နေဆဲလို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့်လည်း နှစ်နိုင်ငံကြားမှာ နိုင်ငံသားတွေ အပြန်အလှန် လဲလှယ်နေရာချဖို့ ဆိုတာကိုလည်း ဥပဒေကြောင်းအရ တားမြစ်ထားပါတယ်။
ဒါပေမဲ့ အစိုးရနှစ်ခု ညှိနှိုင်းပြီး မြောက်ကိုရီးယားရဲ့ ကွန်ဂန်တောင်နားမှာ ကွဲကွာမိသားစုတွေ ပြန်လည် တွေ့ဆုံနိုင်ရေး စင်တာတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ နှစ်ဖက်ကြား ဆက်ဆံရေး ကောင်းမွန်နေတဲ့ ကာလတွေဆိုရင် စစ်အတွင်း ကွဲကွာခဲ့တဲ့ မိသားစုတွေကို အဲဒီအဆောက်အအုံမှာ ရက်ပိုင်းလောက် အတူနေထိုင်ခွင့် ရရှိအောင် ညှိနှိုင်းစီစဉ်ပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို မိသားစုတွေ တွေ့ဆုံခွင့် ရခဲ့တာဟာ ၂၀၁၈ တုန်းက နောက်ဆုံး ဖြစ်လာခဲ့ပါတယ်။

Public Service Announcement
လက်ရှိနှစ်တွေမှာတော့ ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပိုမို အေးခဲ တင်းမာလာနေသလို မြောက်ကိုရီးယားဟာ တောင်ကိုရီးယားကို နံပါတ်တစ် ရန်သူနိုင်ငံအဖြစ် တရားဝင် သတ်မှတ် ကြေညာခဲ့ပါတယ်။ ပြီးတော့ ကွန်ဂန်တောင် ပြန်လည် ပေါင်းစည်းရေး စင်တာကိုပါ မြောက်ကိုရီးယားက ဖြိုချခဲ့ကြောင်း တောင်ကိုရီးယားက စွပ်စွဲပါတယ်။
တကွဲတပြားစီ ဖြစ်နေတဲ့ မိသားစုတွေရဲ့ အတောင့်တဆုံး ဆန္ဒတွေကို ရိုက်ချိုးပစ်ခဲ့တဲ့ လူမဆန်ဆုံး လုပ်ရပ်ကို မြောက်ကိုရီးယားက ကျူးလွန်လိုက်တာ ဖြစ်တယ်လို့ တောင်ကိုရီးယား အစိုးရရဲ့ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ပြန်လည်ပေါင်းစည်းရေး စင်တာကို ဖြိုဖျက်ခဲ့တဲ့ လုပ်ရပ်ကို ဘယ်လို ရှုထောင့်ကမှ နားလည်ပေးလို့ မရနိုင်ကြောင်း၊ မြောက်ကိုရီးယား အာဏာပိုင်တွေဟာ အဲဒီ လုပ်ရပ်အတွက် အပြည့်အဝ တာဝန်ယူရမှာ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
၁၉၈၈ ခုနှစ်ကစလို့ တောင်ကိုရီးယား နိုင်ငံသား ၁၃၀၀၀၀ လောက်ဟာ မြောက်ပိုင်းမှာ ကွဲကွာပြီး ကျန်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ စာရင်းတင်သွင်းထားပါတယ်။ ၂၀၂၅ ခုနှစ်ထိ အခြေအနေအရ အဲဒီ စာရင်းပေးထားသူတွေထဲက ၃၆၀၀၀ လောက်သာ အသက်ရှင် ကျန်တော့တယ်လို့ အစိုးရက ပြုစုထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။
ကိုးကား: AFP
