ချာနိုဘိုင်းလ် နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ ဓာတ်ပေါင်းဖိုတွေဆီက ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်လာနိုင်ခြေကနေ ကာကွယ်ထားရာ အုပ်ဆောင်းမိုး အကာကို ရုရှားက ဖောက်ခွဲရေး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲခဲ့ပါတယ်။
ညပိုင်းမှာ ဒရုန်းထိမှန်လို့ အဲဒီ အုပ်ဆောင်းအမိုးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းကို ယူကရိန်းက ထုတ်ပြန်ခဲ့သလို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဒရုန်း အပျက်အစီးလို့ ယူဆရတာတွေ အပါအဝင် အခင်းဖြစ်တဲ့ နေရာရဲ့ နောက်ဆက်တွဲ မှတ်တမ်း ဓာတ်ပုံ တချို့ကို ပြသခဲ့ပါတယ်။
ချာနိုဘိုင်းလ် ဆိုတာဟာ လူ့သမိုင်းမှာ အဆိုးဆုံး နျူကလီးယား ကပ်ဘေးသင့်ခဲ့ဖူးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဖောက်ခွဲရေးဒရုန်း ထိမှန်မှုကြောင့် စက်ရုံထဲမှာ မီးလောင်မှု ဖြစ်ခဲ့ပေမယ့် အခုတော့ ငြှိမ်းသတ်ပြီးပြီလို့ ဆိုပါတယ်။
၁၉၈၆ ခုနှစ်၊ ဧပြီ ၂၆ ရက်နေ့က ပရစ်ယတ် မြို့နားမှာရှိတဲ့ စက်ရုံရဲ့ ဓာတ်ပေါင်းဖိုတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားရာက ဆိုးရွားတဲ့ ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အနီးတဝိုက် ဒေသခံတွေ ပြောင်းရွှေ့ခဲ့ရပါတယ်။ လူ့သမိုင်းမှာတော့ နိုင်ငံတကာ နျူကလီးယား ဖြစ်စဉ်များ စာရင်းရဲ့ အမြင့်ဆုံး အဆင့် သတ်မှတ်ခံရဖူးတာဟာ ချာနိုဘိုင်းလ်နဲ့ ၂၀၁၁ တုန်းက ငလျင်နဲ့ ဆူနာမီ ရေလှိုင်းတွေကြောင့် ဓာတ်ပေါင်းဖို အက်ကွဲခဲ့တဲ့ ဖူကူရှီးမား ဓာတ်အားပေးစက်ရုံ ဖြစ်ရပ်နှစ်ခုသာ ရှိခဲ့ဖူးပါတယ်။

Public Service Announcement
ယူကရိန်း-ဘီလားရုစ် နယ်စပ်နားမှာရှိတဲ့ ချာနိုဘိုင်းလ် ဓာတ်အားပေးစက်ရုံ နေရာဟောင်းမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားအပြီး ရေဒီယိုသတ္တိကြွ အခြေအနေဟာ ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ် ရှိနေခဲ့တယ်လို ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အက်တမ် စွမ်းအင် အေဂျင်စီ (IAEA)က ကနဦး ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီ စက်ရုံရဲ့ အင်ဂျင်နီယာချုပ် အိုလက်ဆန်ဒါ တီတာချုခ်ကတော့ ရေဒီယို သတ္တိကြွ ပစ္စည်းတစ်ခု ယိုစိမ့် ထွက်ပေါ်ခဲ့တယ်လို့ ယူဆရတဲ့ အခြေအနေ ရှိလာကြောင်း ပြောထားပါတယ်။ ဒရုန်းတိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။
ရုရှားက ချာနိုဘိုင်းလ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ် ဆိုတာကို ငြင်းဆိုပြီး ယူကရိန်းရဲ့ နျူကလီးယားဆက်စပ် အဆောက်အအုံ မှန်သမျှကို ပစ်မှတ်ထားခဲ့တာ လုံးဝမရှိကြောင်း၊ ယူကရိန်းရဲ့ စွပ်စွဲချက်ဟာ အမှန်တရားအပေါ် အခြေခံထားတာ မဟုတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ချာနိုဘိုင်းလ် ဓာတ်အားပေး စက်ရုံကို လည်ပတ်မှုကနေ အနားပေး ရပ်နားထားပြီး လောလောဆယ်မှာတော့ အန္တရာယ်ကင်းတဲ့ စနစ်တကျ ဖြုတ်ယူ သိမ်းဆည်းမှုတွေကို လုပ်ဆောင်နေတာပါ။ ဓာတ်ပေါင်းဖိုတွေ ရှိတဲ့ နေရာကို ကာကွယ်ဖုံးအုပ်ထားတဲ့ အမိုးခုံးကိုတော့ ၂၀၁၇ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပါတယ်။ အခွံတစ်ခုနဲ့တူတဲ့ အဲဒီ အမိုးဟာ ရေဒီယို သတ္တိကြွ ပစ္စည်းတွေကို ထည့်သွင်း သိမ်းဆည်းနိုင်တဲ့ စံနှုန်းအဆင့်မျိုး သတ္တုစပ်နဲ့ တည်ဆောက်ထားတာပါ။
ဇီလန်စကီးကတော့ ဒရုန်းတိုက်ခိုက်မှုအပြီး ထိခိုက်ပျက်စီးမှု ဓာတ်ပုံတွေကို လူမှုကွန်ရက် မီဒီယာ Xမှာ တင်ခဲ့သလို လက်ရှိထက် နည်းနည်းပိုဆိုးတဲ့ အပျက်အစီးမျိုးသာ ကြုံခဲ့ရင် ရေဒီယို သတ္တိကြွ ပြဿနာကြီးတစ်ခု ပေါ်ပေါက်သွားနိုင်တယ်လို့ ရေးသားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို ကြည့်ရုံနဲ့တင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲကို အမှန်တကယ် ရပ်တန့်အောင် စိတ်ရင်းအမှန်နဲ့ ဆွေးနွေးလိုဟန် မရှိဘူးဆိုတာ မြင်သာစေတယ်လို့လည်း ဇီလန်စကီးက စွပ်စွဲခဲ့ပါတယ်။
၁၉၈၆ ခုနှစ်၊ ချာနိုဘိုင်းလ် နျူကလီးယား ကပ်ဘေးကြောင့် သေဆုံးသူ ၃၁ ဦး ရှိတယ်လို့ နိုင်ငံတကာက အသိအမှတ် ပြုထားပေမယ့် နောက်ဆက်တွဲ ဓာတ်ရောင်ခြည် သင့်မှုတွေ အပါအဝင် အဲဒီဖြစ်စဉ်ကို အကြောင်းပြုပြီး သေဆုံးသူ ၅၀ ကျော်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ အဲဒီတုန်းက ဓာတ်ရောင်ခြည် သင့်မှုကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ထိခိုက်သေဆုံးတဲ့ စုစုပေါင်း အရေတွက်ဟာ ၄၀၀၀ လောက်ထိ တိုးလာနိုင်တယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။
ကိုးကား: Sky
