Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို ထိန်းသိမ်း ချုပ်နှောင်ထားပြီလို့ ICC အတည်ပြု

ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ အချုပ်အနှောင်အောက် ရောက်ရှိနေပြီလို့ ICCက အတည်ပြုခဲ့ပါတယ်။

Bong Go/Facebook

ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ အချုပ်အနှောင်အောက် ရောက်ရှိနေပြီလို့ ICCက အတည်ပြုခဲ့ပါတယ်။

ဒူတာတေးရဲ့ အာဏာလက်ရှိ ကာလအတွင်း မူးယစ်မှောင်ခို ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေမှာ အလွန်အကျွံ ရက်စက်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တဲ့အတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ကြောင်း ICCက ဖမ်းဝရမ်းထုတ်ပြီးတဲ့နောက် မတ်လ ၁၁ ရက်နေ့မှာ သူ့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)ကိုယ်စား ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဒူတာတေးကို ဖိလစ်ပိုင်ကနေ လေကြောင်းနဲ့ ပို့ဆောင်ခဲ့ပြီး မတ်လ ၁၂ ရက်နေ့မှာတော့ ICC အခြေစိုက်ရာ နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ကို ရောက်ရှိပြီး ထိန်းသိမ်းချုပ်နှောင် ခံထားရတာ ဖြစ်ပါတယ်။

ဒူတာတေး သမ္မတအဖြစ် တာဝန်ယူနေချိန်တုန်းက ဖိလစ်ပိုင်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ သူ့ကို အားပေးထောက်ခံတဲ့ စေတနာ့ဝန်ထမ်း နာမည်ခံ အင်အားစုတွေကပါ မူးယစ်နှိမ်နင်းရေး မစ်ရှင်တွေမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီတုန်းက ဒူတာတေးရဲ့ အမိန့်အောက်မှာ လုံခြုံရေး အရာရှိတွေနဲ့ သူ့ရဲ့ သစ္စာတော်ခံတွေ လက်ချက်ကြောင့် မျက်နှာမွဲ ဆင်းရဲသား မူးယစ်ဆေးစွဲသူ အများစု အပါအဝင် လူပေါင်း ၁၂၀၀၀ ကနေ ၃၀၀၀၀ ကြားလောက် သေဆုံးခဲ့ရကြောင်း ICC အစိုးရ ရှေ့နေတွေက စွပ်စွဲထားပါတယ်။

ဟိဂ်မြို့မှာ လေယာဉ် မဆင်းသက်ခင် အတောအတွင်း ဒူတာတေးက ဗီဒီယို တစ်ခုကို သူ့ရဲ့ အနီးကပ် အကြံပေး တစ်ဦးရဲ့ Facebookမှာ တင်စေခဲ့ရာမှာ သူဟာ သမ္မတ ဖြစ်နေချိန် အတောအတွင်း နိုင်ငံရဲ့ စစ်တပ်နဲ့ တရားဥပဒေ စိုးမိုးရေး အင်အားစုတွေကို ဦးဆောင်ခဲ့သူ ဖြစ်ကြောင်း၊ သူ့အနေနဲ့ အားလုံးကို အကာအကွယ်ပေးပြီး ဖြစ်လာသမျှအတွက် တာဝန်ခံသွားမယ်ဆိုတာ ပြောပြချင်ကြောင်း အသိပေးထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၈၀ ပြည့်တော့မယ့် ဒူတာတေးဟာ ICCရဲ့ သမိုင်းတလျှောက်မှာ ပထမဆုံး စွဲချက်တင်ခံရမယ့် အာရှနိုင်ငံ တစ်ခုရဲ့ ခေါင်းဆောင် ဖြစ်လာဖွယ် ရှိနေပါတယ်။ ICCရဲ့ ထုတ်ပြန်ချက်မှာတော့ ဒူတာတေးက အဖမ်းခံခဲ့ပြီးတဲ့နောက် အခုအခါ ICCရဲ့ ထိန်းသိမ်းမှုအောက်မှာ ရှိနေကြောင်း၊ သူ့ကို ဖိလစ်ပိုင် အာဏာပိုင်တွေက ဖမ်းဆီးပေးခဲ့ကြောင်း၊ ဒူတာတေးဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်သူ လူသတ်မှုတွေအတွက် စွဲချက်တင်ဖို့ စီစဉ်ထားကြောင်း ဖော်ပြပါရှိခဲ့ပါတယ်။

ဒူတာတေးရဲ့ အမှုအတွက် ကြားနာစစ်ဆေးမယ့် ကိစ္စတွေကို လာမယ့် ရက်ပိုင်းတွေအတွင်း အစပြုဖွယ် ရှိနေပါတယ်။ ဒူတာတေးဟာ ၂၀၁၆ ကနေ ၂၀၂၂ ခုနှစ်ထိ ဖိလစ်ပိုင် သမ္မတ တာဝန်ကို ရယူခဲ့ပြီး အဲဒီကာလအတွင်း ကြမ်းတမ်းရက်စက်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေဟာ သူ့အစိုးရရဲ့ လူသိအများဆုံး သင်္ကေတတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒူတာတေးကတော့ အဲဒီလို ပြတ်ပြတ်သားသား နှိမ်နင်းခဲ့တာတွေကြောင့် ဖိလစ်ပိုင်ဟာ ငြိမ်းချမ်းမှုကို ရရှိခဲ့တယ်လို့ ကာကွယ်ပြောကြားထားပါတယ်။

ICCရဲ့ ဖမ်းဆီးမှုကို ထောက်ခံပြီး ဒူတာတေးကို ဆန့်ကျင်သူ ၂၀ လောက်ဟာ မတ်လ ၁၂ ရက်နေ့က ICC ရုံးချုပ်ရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပြီး သူတို့တွေ ကိုင်ဆောင်ထားတဲ့ စာတန်းတစ်ခုမှာတော့ ဒူတာတေးကို စစ်ရာဇဝတ်ကောင်လို့ စွပ်စွဲထားပါတယ်။ တစ်ဖက်မှာလည်း ဒူတာတေးကို ထောက်ခံသူတွေက ဖိလစ်ပိုင် သမ္မတဟောင်းကို ထိန်းသိမ်းထားမယ့် ဟိဂ်မြို့ ဆင်ခြေဖုံးက အကျဉ်းထောင်နားမှာ စုဝေးပြီး သူတို့ရဲ့ အားပေးရပ်တည်မှုကို ပြသခဲ့ကြပါတယ်။

ဖိလစ်ပိုင်မှာလည်း ဒူတာတေး အဖမ်းခံရတဲ့ ဖြစ်စဉ်ဟာ နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲမှုတွေကို ဦးတည်စေပြီး သူ့ကို ထောက်ခံသူတွေအတွက် တုန်လှုပ်စရာ ဖြစ်နေပေမယ့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မစ်ရှင်တွေအတွင်း ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသူတွေရဲ့ မိသားစုတွေကတော့ ကောင်းချီးပေးနေကြပါတယ်။

နိုင်ငံတကာ ဥပဒေ ပညာရှင်တွေကတော့ ဒူတာတေးကို လက်ရ ဖမ်းနိုင်ခဲ့တာဟာ ICCအတွက်တော့ ကြီးမားတဲ့ အောင်မြင်မှု အခိုက်အတန့် တစ်ခုလို့ သုံးသပ်ကြပါတယ်။ ICCဟာ အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ကြုံနေရသလို သံသယ တရားခံတွေကို ဖမ်းဆီးဖို့ ကိုယ်ပိုင် ရဲတပ်ဖွဲ့လည်း ပိုင်ဆိုင် မထားပါဘူး။ ICCဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့လို လက်ရှိ အာဏာရ နိုင်ငံခေါင်းဆောင်တွေကိုလည်း ဖမ်းဝရမ်း ထုတ်ထားပေမယ့် လက်တွေ့ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ICC အစိုးရရှေ့နေချုပ်ဟာ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံက ထိပ်ပိုင်း အရာရှိ တချို့အတွက် ဖမ်းဝရမ်း ထုတ်ခွင့်ရဖို့လည်း ICCကို လျှောက်ထား တောင်းဆိုထားပါတယ်။

ကိုးကား: CAN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင်သမ္မဟောင်းဒူတာတေးရဲ့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC )တရားခွင် မစခင် အကြိုစစ်ဆေးကြားနာမှုကို မတ် ၁၄ ရက်မှာ စတင်ခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ရှိရာ နယ်သာလန်နိုင်ငံ ဟိဂ်မြို့ကို မတ်လ ၁၂ ရက်မှာ ရောက်ရှိသွားပြီဖြစ်ပါတယ်။

နိုင်ငံတကာ

နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်လိုက်တဲ့နောက် ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုတွေ မြင့်တက်လာတဲ့နောက် ခြင်နှိမ်နင်းရေး အစီအမံ တစ်ခုအနေနဲ့ ဖိလစ်ပိုင်က မြို့တစ်မြို့မှာ အာဏာပိုင်တွေက ခြင်တွေအတွက် ဆုငွေပေးမယ်လို့ ကြေညာခဲ့ပါတယ်။