ယူကရိန်းနဲ့ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ ရုရှားအတွက် စစ်ကူတပ်တွေ စေလွှတ်ပေးခဲ့တယ် ဆိုတာကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက ရုရှားဖက်ကနေ မြောက်ကိုရီးယား စစ်သားတွေ ပါဝင်ကူညီပြီး ယူကရိန်း တပ်တွေကို တိုက်နေကြောင်း ယူကရိန်းနဲ့ အနောက်နိုင်ငံ ထောက်လှမ်းရေး အဖွဲ့တွေက အခိုင်အမာ စွပ်စွဲခဲ့ပေမယ့် မြောက်ကိုရီးယားကတော့ ဘာတုံ့ပြန်မှုမှ မရှိဘဲ တောက်လျှောက် နှုတ်ဆိတ်နေခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနရဲ့ သတင်းတစ်ပုဒ်ထဲမှာ မြောက်ကိုရီးယားဟာ ရုရှားရဲ့ ကာ့စ်ခ်ဒေသ လွတ်မြောက်ရေးအတွက် အကူအညီပေးဖို့ ရုရှားနိုင်ငံဆီ တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားတယ်လို့ ဖော်ပြလာခဲ့ပါတယ်။
ကာ့စ်ခ်ဟာ ရုရှားနိုင်ငံ အနောက်ဖက်စွန်း ပြည်နယ်တစ်ခုဖြစ်ပြီး ရုရှားရဲ့ ကျူးကျော်စစ်ကို တန်ပြန်တဲ့ အစီအမံ အနေနဲ့ အဲဒီဒေသထဲကို ယူကရိန်းက တပ်တွေ စေလွှတ်ထားခဲ့တာပါ။ မြောက်ကိုရီးယား တပ်တွေဟာ ယူကရိန်း ပိုင်နက်ထဲ ဝင်ရောက်မလာဘဲ ကာ့စ်ခ်မှာရှိတဲ့ ယူကရိန်း တပ်တွေကိုသာ တိုက်ခိုက်နေတာလို့ ယူကရိန်းဖက်ကလည်း အတည်ပြုထားပါတယ်။

Public Service Announcement
ကာ့စ်ခ်ဒေသက စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ဖို့အတွက် မြောက်ကိုရီးယား တပ်တွေကို နိုင်ငံခေါင်းဆောင်ကြီး ကင်မ်ဂျုံအွန်းကိုယ်တိုင် တိုက်ရိုက် အမိန့်ပေး စေလွှတ်ခဲ့တာလို့ KCNAက ဆိုပါတယ်။
ရုရှား စစ်ဦးစီး အရာရှိချုပ် ဗယ်လာရီ ဂီရာဆီမော့ဗ် ရုရှားရဲ့ တန်ပြန်ထိုးစစ်မှာ ပါဝင်ကူညီနေတဲ့ မြောက်ကိုရီးယား တပ်တွေရဲ့ ရဲရင့်ပြောင်မြောက်မှုကို လူသိရှင်ကြား ချီးကျူးခဲ့ပြီး ရက်ပိုင်းအကြာမှာ KCNAဆီက အခုသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဂီရာဆီမော့ဗ်ရဲ့ ချီးကျူးမှုဟာ စစ်ပွဲမှာ မြောက်ကိုရီးယားတပ်တွေ ဝင်တိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပထမဆုံးအကြိမ် ရုရှားဖက်က အတည်ပြုလိုက်ပေးခြင်းလည်း ဖြစ်လာခဲ့ပါတယ်။
ဂီရာဆီမော့ဗ်က ရုရှားဟာ ကာ့စ်ခ်ဒေသ တစ်ခုလုံးကို ပြန်လည် ထိန်းချုပ်ထားပြီ ဖြစ်တယ်လို့လည်း ကြွေးကြော်ခဲ့ပြီး ယူကရိန်းဖက်ကတော့ အဲဒီအချက်ကို ပယ်ချထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ယူကရိန်းဟာ ကာ့စ်ခ် စစ်မြေပြင်မှာ တောက်လျှောက် ဆုတ်ခွာပေးနေခဲ့ရပါတယ်။
ရုရှားကို စေလွှတ်ထားတဲ့ မြောက်ကိုရီးယား တပ်အင်အားကို ရုရှားရော၊ မြောက်ကိုရီးယားကပါ မထုတ်ပြန်ပေမယ့် တောင်ကိုရီးယား ထောက်လှမ်းရေးကတော့ ပြီးခဲ့တဲ့ နှစ်မှာ သောင်းနဲ့ချီတဲ့ မြောက်ကိုရီးယားတပ်တွေ ရုရှားဆီ ရောက်သွားခဲ့ကြောင်း ဖော်ပြထားပါတယ်။
KCNAက အခုလိုမျိုး ရုရှားဆီ တပ်ကူတွေ ပို့ဆောင်ခဲ့တာဟာ ရုရှား-မြောက်ကိုရီးယား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်နဲ့အညီ လုပ်ဆောင်တာသာ ဖြစ်တယ်လို့ အကြောင်းပြပါတယ်။
ရုရှားဆီ စေလွှတ်ထားတဲ့ စစ်သူရဲကောင်းတွေဟာ တရားမျှတမှုအတွက်၊ ပြီးတော့ အမိမြေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့အတွက် ရဲရဲရင့်ရင့် တိုက်ခိုက်နေကြတယ်လို့ ခေါင်းဆောင်ကြီး ကင်မ်က အသိအမှတ်ပြု ချီးကျူးထားခဲ့ကြောင်းလည်း KCNAက ဖော်ပြသွားပါတယ်။
ကာ့စ်ခ်မှာ လက်တွဲ တိုက်ခိုက်ရင်း မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ မဟာမိတ် ပီသမှုနဲ့ ညီရင်းအစ်ကို စိတ်ဓာတ်တွေကို ခိုင်ခိုင်မာမာ ပြသနေပြီး သွေးသောက် ဆက်ဆံရေးကို ပိုမို ခိုင်မာစေခဲ့တယ်လို့လည်း KCNAက ညွှန်းဆိုသွားပါတယ်။
KCNAရဲ့ သတင်းမှာတော့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေး မစ်ရှင် ဘယ်အချိန်မှာ အဆုံးသတ်မလဲ ဆိုတာကို ဖော်ပြမထားပါဘူး။ သတင်းတွေအရ ရုရှားဆီ စေလွှတ်ခဲ့တဲ့ မြောက်ကိုရီးယား တပ်တွေဟာ နိုင်ငံရဲ့ လေ့ကျင့်သား အပြည့်ဝဆုံး မုန်တိုင်းတပ်ဖွဲ့တွေလို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီတပ်သားတွေဟာ ခေတ်သစ် စစ်ပွဲတွေနဲ့ မနီးစပ်၊ အတွေ့အကြုံ မရှိခဲ့သေးတာကြောင့် ကာ့စ်ခ်စစ်မြေပြင်မှာ အစောပိုင်း ကာလ တိုက်ပွဲတွေအတွင်း ထိခိုက်သေကြေမှု အရမ်းများပြားခဲ့ကြောင်းလည်း ယူကရိန်းနဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေးတွေက မှတ်ချက်ပေးထားပါတယ်။
ကိုးကား: BBC
