Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်စပ်က တပ်တွေ ပြန်ရုပ်ဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား သဘောတူ

ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ဟာ နယ်စပ်နဲ့ နီးနီးကပ်ကပ်ထိ တပ်တွေ ဖြန့်ထားတာကို ပြန်ရုပ်သိမ်းပြီး မူလ စခန်းချတဲ့ နေရာတွေဆီ ပြန်ဆုတ်ခွာကြဖို့ သဘောတူခဲ့ပါတယ်။

Reuters

ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ဟာ နယ်စပ်နဲ့ နီးနီးကပ်ကပ်ထိ တပ်တွေ ဖြန့်ထားတာကို ပြန်ရုပ်သိမ်းပြီး မူလ စခန်းချတဲ့ နေရာတွေဆီ ပြန်ဆုတ်ခွာကြဖို့ သဘောတူခဲ့ပါတယ်။

ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနက တပ်တွေကို မူလစခန်းတွေဆီ ပြန်လည် ရုပ်သိမ်းမယ့် ကိစ္စကို ဇွန်လ ၈ ရက်နေ့မှာ အတည်ပြု ကြေညာခဲ့ပါတယ်။ အစောပိုင်းမှာ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနကလည်း နယ်စပ်ကို အပိုဆောင်း ဖြည့်တင်းထားတဲ့ တပ်တွေကို နှစ်နိုင်ငံလုံးက ပြန်ခေါ်ယူကြမှာ ဖြစ်တယ်လို့ အသိပေး ပြောကြားထားပါတယ်။

မူလက ကမ္ဘောဒီးယားဟာ ထိုင်းနဲ့ နယ်စပ်တလျှောက်မှာ တပ်အင်အား ၁၂၀၀၀ လောက်အပြင် လက်နက်ကြီးတွေ၊ လေယာဉ်ပစ် အမြောက်တွေကိုပါ ဖြန့်ကျက်ခဲ့ပါတယ်။ အလားတူ ထိုင်းစစ်တပ်ကလည်း ကမ္ဘောဒီးယား နယ်စပ်မှာ လုံခြုံရေး တိုးမြှင့်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက နယ်စပ်မှာ နှစ်ဖက်စစ်တပ်တွေ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ကမ္ဘောဒီးယား စစ်သားတစ်ယောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပြီး နှစ်ဖက်ကြားမှာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ မေလ ၂၈ ရက်နေ့ ပြဿနာနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယားက ခက်ခက်ထန်ထန် တုံ့ပြန်လိုတဲ့ သဘောထား တချို့ကို ပြသခဲ့ပြီး ထိုင်းကလည်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုသာ ထိပါးခံရရင် စစ်တိုက်ဖို့ အသင့်ပဲလို့ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရှေ့တောင်အာရှ ဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံဟာ နယ်စပ်မှာ စစ်အင်အား အပြိုင်တိုးမြှင့်ပြီး ဖြစ်နိုင်ခြေ အားလုံးအတွက် ပြင်ဆင်ထားခဲ့ကြသလို နောက်ကွယ်မှာလည်း ပဋိပက္ခကို ပိုကြီးထွားမလာအောင် နှစ်ဖက် အကျေအလည် ညှိနှိုင်းနေခဲ့ကြပါတယ်။ အခုတော့ နှစ်ဖက်စလုံးက တပ်တွေ ပြန်ရုပ်သိမ်းကြဖို့ သဘောတူညီမှု ရရှိသွားတာ ဖြစ်ပါတယ်။ စစ်ဖြစ်မှာကို တအုံနွေးနွေး စိတ်ပူနေကြတဲ့ နှစ်နိုင်ငံ နယ်စပ် ဒေသခံတွေ အတွက်တော့ ဒါဟာ အသက်ရှူ ချောင်စရာ သတင်းကောင်းလို့ ဆိုနိုင်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ၈၁၇ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ် ထိစပ်နေပြီး အဲဒီ နယ်စပ်တလျှောက် နေရာ ၄ ခုမှာ ပိုင်နက် အငြင်းပွားမှု ပြဿနာတွေ ရှိနေတာ ဖြစ်ပါတယ်။

ထိုင်းကာကွယ်ရေး ဝန်ကြီး ဖုန်သမ် ဝီချာရာချိုင်က ထိုင်းနဲ့ ကမ္ဘောဒီးယား အစိုးရတွေဟာ နယ်စပ် အငြင်းအခုံတွေနဲ့ တိတိကျကျ ပြေလည်မှု ရတဲ့ထိ ဆက်လက် ဆွေးနွေးသွားဖို့ ဆန္ဒရှိကြကြောင်း ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ်ပြဿနာနဲ့ ပတ်သက်ပြီး ဇွန်လ ၁၄ ရက်မှာ နှစ်နိုင်ငံ ပူးတွဲ ပါဝင်တဲ့ ကော်မတီ အစည်းအဝေး ကျင်းပဖို့လည်း စီစဉ်ထားပါတယ်။ ဒီအတောအတွင်း ကမ္ဘောဒီးယား အစိုးရကတော့ နယ်စပ် အငြင်းပွားမှုကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ဆီ တင်ပြပြီး အဆုံးအဖြတ် ခံယူလိုတယ်ဆိုတဲ့ သဘောထားကို ထပ်လောင်း အတည်ပြုထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မြန်မာ အလုပ်သမား အများအပြားရှိတဲ့ စျေးတစ်ခုကို ဒေသ အုပ်ချုပ်ရေးမှူး အမိန့်နဲ့ အာဏာပိုင်တွေက စီးနင်းပြီး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ အပါအဝင် ဆိုက်ဘာရာဇဝတ် လှုပ်ရှားမှုတွေကို ဖြိုခွင်းနေရာမှာ တစ်ပတ်အတွင်း လူပေါင်း ၁၀၀၀ ကျော်လောက်ကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

နယ်စပ်နားမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်သားတွေကြား ကိုယ်ထိလက်ရောက် ပဋိပက္ခတချို့ ဖြစ်ခဲ့တဲ့နောက် အနီးတဝိုက် ဒေသခံတွေကို ထိုင်းစစ်တပ်က ယာယီ ရွှေ့ပြောင်းပေးထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ခမာနီ ပြောက်ကျားတွေ လက်ထက်တုန်းက ကမ္ဘောဒီးယားမှာ လူပေါင်းများစွာကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခဲ့၊ အစုအပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ နေရာတွေကို ကုသသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။