အစ္စရေးဟာ အီရန်ကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီလို့ ယုံကြည်ရကြောင်း အမေရိကန်နဲ့ ဥရောပနိုင်ငံတချို့ရဲ့ အစိုးရ အရာရှိတွေက ပြောကြားခဲ့ပါတယ်။
အမေရိကန်က အီရတ်နိုင်ငံမှာရှိတဲ့ သံရုံးက ဝန်ထမ်းတွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ ရွှေ့ပြောင်းဖို့ စီစဉ်နေတာ၊ အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် စစ်သည်တွေရဲ့ မိသားစုဝင်တွေကို အမေရိကန် ပြန်ခေါ်ဖို့ ပြင်ဆင်နေတာတွေဟာ အရှေ့အလယ်ပိုင်းမှာ စစ်ရေး ပဋိပက္ခအသစ်တစ်ခု ပေါ်ပေါက်လာနိုင်ခြေကို စိုးရိမ်လို့ ဖြစ်နိုင်ကြောင်း ထင်ကြေးတွေလည်း ပျံ့နှံ့နေပါတယ်။
တရားဝင် မှတ်ချက်ပေးတာမျိုး မဟုတ်ပေမယ့် အမေရိကန်နဲ့ ဥရောပ နိုင်ငံတချို့ရဲ့ အစိုးရ အရာရှိတွေကတော့ အစ္စရေးဟာ မကြာခင်မှာ အီရန်ကို တိုက်ခိုက်လာနိုင်တဲ့ အခြေအနေ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် ဂါဇာအရေးကြောင့် ဆူပွက်နှင့်နေပြီးသား အရှေ့အလယ်ပိုင်း ဒေသရဲ့ အခြေအနေက ပိုဆိုးရွားသွားနိုင်ပါတယ်။
ပြီးတော့ အီရန်ရဲ့ နျူကလီးယားလက်နက် မူဝါဒကို ထိန်းချုပ် ကန့်သတ်ဖို့ သံတမန်ရေး ရှုထောင့်ကနေ ညှိနှိုင်း ကြိုးစားနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အားထုတ်မှုတွေကိုလည်း လမ်းကြောင်းလွဲသွားစေဖွယ် ရှိနေပါတယ်။ တစ်ဖက်မှာလည်း ထရမ့်က အီရန်နဲ့ အမေရိကန်ကြား ဆွေးနွေးမှုတွေ တိုးတက်လာမယ်လို့ သူ့မှာ သိပ်ပြီး ယုံကြည်ချက် မရှိတော့ဘူးလို့ လောလောလတ်လတ် မှတ်ချက်ပေးထားပါတယ်။

Public Service Announcement
အစ္စရေးက အီရန်ကို တိုက်ခိုက်နိုင်တယ်လို့ သတင်းတွေ ပျံ့နှံ့နေပေမယ့် ဘယ်လောက် အတိုင်းအတာထိ ကြီးမားတဲ့ စစ်ဆင်ရေးမျိုး လုပ်ဆောင်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အစ္စရေး-အီရန် ဆက်ဆံရေးဟာ ဆိုးဆိုးရွားရွား အဆင့်မျိုးထိ ရောက်ရှိလာခဲ့သလို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကလည်း လက်ရှိ ကာလဟာ အီရန်က အားပျော့နေတဲ့အတွက် လက်ဦးမှုယူ တိုက်ခိုက်သင့်ကြောင်း မဟာမိတ် အမေရိကန်ကို တိုက်တွန်းနေခဲ့ပါတယ်။
ထရမ့်ဟာ ပြီးခဲ့တဲ့ လပိုင်းကတည်းက အစ္စရေးက အီရန်ကို တိုက်ခိုက်မယ့် အစီအစဉ် တစ်ခုကို ကြားဝင် တားဆီးထားခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အဲဒီအစား အီရန်က နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ရေး ရည်မှန်းချက်ကို စွန့်လွှတ်စေရေး ဆွေးနွေးဖို့ အမေရိကန် အစိုးရက ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေမှာတော့ အီရန်ရဲ့ ယူရေနီယမ် သန့်စင်မှုတွေ မှန်သမျှကို ရပ်ဆိုင်းဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို အီရန်က လက်မခံတာကြောင့် ညှိနှိုင်းမှုတွေ ပျက်ပြယ်မယ့် အခြေအနေ ဖြစ်နေပါတယ်။
အရှေ့အလယ်ပိုင်းမှာ သံရုံးဝန်ထမ်းတွေနဲ့ စစ်မှုထမ်း မိသားစုတွေကို ရွှေ့ပြောင်းဖို့ အမေရိကန်က ပြင်ဆင်လာတာ၊ ဗြိတိန် အစိုးရကလည်း အရှေ့အလယ်ပိုင်းဒေသရဲ့ ကုန်သွယ်စီးပွား ရေလမ်းကြောင်းမှာ အနှောင့်အယှက်တွေ ရှိနိုင်ကြောင်း ထုတ်ပြန်လာတာတွေအရ အစ္စရေးဟာ အီရန်ကို တိုက်ခိုက်တော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ပိုမို အားကောင်းလာစေပါတယ်။
ဒီအတောအတွင်း အီရန်ရဲ့ ထိပ်ပိုင်း အစိုးရ အရာရှိ တစ်ဦးက တကယ်လို့ အစ္စရေးကသာ အမှန်တကယ် တိုက်ခိုက်လာခဲ့မယ်ဆိုရင် ဘယ်လိုလက်တုံ့ပြန်မလဲ ဆိုတာကို အီရန်စစ်ဘက်နဲ့ အစိုးရ ခေါင်းဆောင်တွေကြား တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ သူက ကနဦး အဆင့်အဖြစ် အီရန်ဟာ ရာနဲ့ချီတဲ့ ဒုံးကျည်တွေနဲ့ အစ္စရေးကို ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလတုန်းက အီရန်ဟာ အီရန်တော်လှန်ရေး အစောင့်တပ် ဗိုလ်ချုပ်တစ်ဦးနဲ့ အီရန်မဟာမိတ် ဟားမားစ်၊ ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင်တွေကို အစ္စရေးရဲ့ လုပ်ကြံမှုအတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးကို ဒုံးကျည် အစင်းပေါင်း ၂၀၀ လောက် အသုံးပြု တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အစ္စရေးနဲ့ အမေရိကန် လေကြောင်းကာကွယ်ရေး စနစ်တွေက ဒုံးကျည် အများစုကို ကြားဖြတ် ပစ်ချခဲ့တာကြောင့် အစ္စရေး ပိုင်နက်ထဲမှာ အနည်းအကျဉ်းသာ ထိခိုက်မှု ဖြစ်ခဲ့ပါတယ်။
အီရတ်မှာ အမေရိကန် သံရုံးဝန်ထမ်းတွေကို ရွှေ့ပြောင်းမပေးခင် အခုသီတင်းပတ် အစောပိုင်းတုန်းက ထရမ့်ဟာ နေတန်ညာဟုနဲ့ ဖုန်းဆက် စကားပြောခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ အိမ်ဖြူတော်က မထုတ်ပြန်ခဲ့ပါဘူး။
အီရန်နဲ့ အစ္စရေး ပဋိပက္ခ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ရေနံစျေးကလည်း တက်ရိပ်ပြလာနေပါတယ်။
အာရေဘီးယား ပင်လယ်ထဲမှာတော့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ်တွေ တင်ဆောင်လာတဲ့ USS Carl Vinson လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ အမေရိကန် တိုက်ရေယာဉ် အုပ်စုတစ်ခုကို ဆက်လက် ဖြန့်ကျက်ထားပြီး လတ်တလောမှာ နေရာ အပြောင်းအလဲလုပ်ဖို့ အစီအစဉ် မရှိသေးကြောင်း ရေတပ်က ပြောကြားထားပါတယ်။
ဒါ့အပြင် အရှေ့အလယ်ပိုင်း ဒေသထဲက မိတ်ဖက် နိုင်ငံတွေမှာ အမေရိကန်ရဲ့ တိုက်လေယာဉ်တွေကိုလည်း ဖြန့်ကျက် အခြေစိုက်ထားစေပါတယ်။ အဲဒီ တိုက်လေယာဉ်တွေဟာ မနှစ်က အီရန်ဒုံးကျည်တွေကို ပစ်ချပြီး အစ္စရေးအတွက် ထဲထဲဝင်ဝင် အကူအညီ ပေးခဲ့ပါတယ်။
ကိုးကား: New York Times


















































