Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုက်ခိုက်ခံနေရတာ မရပ်မချင်း နျူကလီးယားအရေး ဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း အီရန်ပြော

တိုက်ခိုက်ခံနေရတဲ့ အခြေအနေ မရပ်မချင်း နိုင်ငံရဲ့ နျူကလီးယား နည်းပညာ ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးမှု ပြန်စမှာ မဟုတ်ကြောင်း အီရန်က ပြောပါတယ်။

Getty Images

တိုက်ခိုက်ခံနေရတဲ့ အခြေအနေ မရပ်မချင်း နိုင်ငံရဲ့ နျူကလီးယား နည်းပညာ ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးမှု ပြန်စမှာ မဟုတ်ကြောင်း အီရန်က ပြောပါတယ်။

ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးက အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေ၊ စစ်စခန်းတွေကို စတင် တိုက်ခိုက်ခဲ့ရာက အရှေ့အလယ်ပိုင်း ဒေသရဲ့ ခါးသီးရန်ဘက် နှစ်နိုင်ငံကြား အပြန်အလှန် ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ ဗုံးတွေ အသုံးပြု ပစ်ခတ်နေတဲ့ စစ်ရေးပဋိပက္ခ စတင်လာခဲ့ပါတယ်။

အကျိုးဆက်အဖြစ် အစ္စရေးရဲ့ မဟာမိတ် အမေရိကန်က အီရန်ရဲ့ နျူကလီးယား ထိန်းချုပ်ရေး ကိစ္စအတွက် အီရန်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာလည်း ရပ်ဆိုင်းသွားပါတယ်။

ဇွန်လ ၂၀ ရက်နေ့မှာတော့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက အီရန်နဲ့ စစ်ရေး ပဋိပက္ခဟာ ပိုမိုကြာညောင်းလာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ နာရီပိုင်း အကြာမှာတော့ အီရန်က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ မရပ်သ၍ နိုင်ငံရဲ့ နျူကလီးယား အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ စတင်ဖို့ မဖြစ်နိုင်ကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဥရောပ နိုင်ငံတွေရဲ့ သံအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး ဥရောပ နိုင်ငံတွေက အီရန်-အမေရိကန် ဆွေးနွေးပွဲတွေ ပြန်စဖို့ သူ့ကို ဝိုင်းဝန်း တိုက်တွန်းခဲ့ကြပါတယ်။

တစ်ဖက်မှာတော့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး အီယဲလ် ဇာမားက ပြည်သူတွေဆီ လိပ်မူပြီး ထုတ်ပြန်တဲ့ ဗီဒီယို တစ်ခုထဲမှာတော့ ရှည်ကြာလာနိုင်တဲ့ စစ်ရေး အခြေအနေတွေအတွက် တွေးတော ပြင်ဆင်ထားဖို့နဲ့ ခက်ခဲတဲ့ နေ့ရက်တွေ ကြုံလာမှာကို မျှော်လင့်ထားဖို့ သတိပေးသွားပါတယ်။

ဇွန်လ ၂၁ ရက်နေ့ မနက်အစောပိုင်းထိ အခြေအနေအရ နှစ်ဖက် တိုက်ခိုက်မှုတွေက ဆက်လက် အရှိန်ကောင်းနေဆဲဖြစ်ပြီး အစ္စရေးက အီရန်ရဲ့ ဒုံးကျည် သိုလှောင်ရုံတွေနဲ့ ဒုံးကျည်ပစ်စင်တွေကို ပစ်မှတ်ထား ဗုံးကြဲခဲ့တယ်လို့ ပြောပါတယ်။ တစ်ဖက်မှာလည်း အီရန်က လက်တုံ့ပြန် ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကြောင့် အစ္စရေးရဲ့ တဲလ်အဗစ်ဗ်မြို့မှာ ပေါက်ကွဲသံတွေ ဆူဆူညံညံ ထွက်ပေါ်နေခဲ့ပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ချီကတော့ အစ္စရေးရဲ့ ရန်လို တိုက်ခိုက်မှုတွေ ရပ်သွားမှ အီရန်ဟာ သံရေး တမန်ရေး ကိစ္စကို ပြန်စဉ်းစားနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ နိုင်ငံက ရန်ပြုတိုက်ခိုက် ခံနေရတဲ့ အခြေအနေမှာ နျူကလီးယား အရေး ဆွေးနွေးဖို့ ဆိုတာဟာ လက်တွေ့မကျဘူးလို့လည်း အာရက်ချီက ထောက်ပြခဲ့ပါတယ်။

နောက်ပြီး အီရန်ရဲ့ နျူကလီးယား အစီအမံတွေဟာ ငြိမ်းချမ်းစွာ အသုံးပြုမှု အတွက်သာ ရည်ရွယ်ထားတာလို့ သူက အခိုင်အမာ ပြောခဲ့ပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ဆန့်ကျင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အီရန်ဟာ အချုပ်အခြာ အာဏာကို ကျူးကျော် ခံရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် အပြည့်ရှိကြောင်းလည်း သူက ဆိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းကို အီရန်က တည်ဆောက်ယူခြင်းနဲ့ ပတ်သက်လို့ ဘယ်သူနဲ့မှ ညှိနေစရာ မလိုဘူး ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း အသိပေးလိုကြောင်းလည်း သူက ပြောကြားသွားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီးက အီရန်ဟာ လူမျိုးသုဉ်း သတ်ဖြတ်ရေး ရည်ရွယ်ချက်နဲ့ နျူကလီးယား လက်နက်တွေ တည်ဆောက်ဖို့ ကြိုးစားနေကြောင်း နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို အီရန်ကိုယ်တိုင် မဖျက်ဆီးရင် အစ္စရေးက ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက်နေမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒီအတောအတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အစ္စရေးနဲ့ ပူးပေါင်းပြီး အမေရိကန်ကပါ အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့ သဘောမျိုး ပြောဆိုထားပြီး အဲဒီမတိုင်ခင် အီရန်ရဲ့ သံတမန်ရေး လှုပ်ရှားမှုတွေကို နှစ်ပတ်လောက် အချိန်ပေး စောင့်ကြည့်မယ်လို့ ရက်သတ်မှတ်ပေးထားပါတယ်။

ထရမ့်က အာရက်ချီနဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးမှုတွေ ဆိုတာလည်း အကျိုးဖြစ်ထွန်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အီရန်ဟာ တကယ်တမ်းမှာ ဥရောပ နိုင်ငံတွေနဲ့ စကားပြောချင်တာ မဟုတ်ဘဲ အမေရိကန်နဲ့သာ ဆွေးနွေးချင်နေတာ ဖြစ်ကြောင်း၊ အခုကိစ္စမှာ ဥရောပက ဘာမှ တတ်နိုင်မှာ မဟုတ်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ကိုးကာ: BBC

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။