Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သန့်စင်လက်စ ယူရေနီယမ်တချို့ အီရန်ပြန်ရသွားခဲ့တယ်လို့ အစ္စရေး ယုံကြည်

ဗုံးကြဲဖျက်ဆီးတာ ခံခဲ့ရတဲ့ သန့်စင်လက်စ ယူရေနီယမ် တချို့တလေကို အီရန်က ပြန်ရသွားပေမယ့် နျူကလီးယား သုတေသန လုပ်ငန်း လည်ပတ်မှုတွေ အားလုံးကတော့ ရပ်တန့်သွားပြီလို့ အစ္စရေးက ပြောပါတယ်။

Maxar

ဗုံးကြဲဖျက်ဆီးတာ ခံခဲ့ရတဲ့ သန့်စင်လက်စ ယူရေနီယမ် တချို့တလေကို အီရန်က ပြန်ရသွားပေမယ့် နျူကလီးယား သုတေသန လုပ်ငန်း လည်ပတ်မှုတွေ အားလုံးကတော့ ရပ်တန့်သွားပြီလို့ အစ္စရေးက ပြောပါတယ်။

ပြီးခဲ့တဲ့လက အစ္စရေးဟာ အီရန်ရဲ့ နျူကလီးယား သုတေသန စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့သလို သန့်စင်လက်စ ယူရေနီယမ်တွေ သိုလှောင်ထားတယ်လို့ ယုံကြည်ရတဲ့ အဓိက ပင်မ စခန်းကြီး ၃ ခုကိုလည်း အမေရိကန်က ဗုံးဝင်ကြဲခဲ့ပါတယ်။

အီရန်ဟာ ယူရေနီယမ်တွေကို အမေရိကန် ဗုံးမကြဲခင်မှာ ကြိုတင် ရွှေ့ပြောင်းထားနိုင်ခဲ့တယ်လို့ အစောပိုင်းတုန်းက ကောလာဟလတချို့ ထွက်ပေါ်ခဲ့ပေမယ့် အစ္စရေး ထောက်လှမ်းရေးကတော့ အီရန်ဟာ အဲဒီအတွက် လုံးဝ အချိန်မရခဲ့ဘူးလို့ အခိုင်အမာ ပြောပါတယ်။ အစ္စရေးနဲ့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတောအတွင်း အီရန်က ယူရေနီယမ်တွေကို ရွှေ့ပြောင်း သယ်ထုတ်ခဲ့တယ်ဆိုတဲ့ အထောက်အထားလည်း လုံးဝ မတွေ့ရဘူးလို့ အစ္စရေးက ဆိုပါတယ်။

အခုအခါမှာတော့ အစ္စရေးရဲ့ ထိပ်ပိုင်း အရာရှိတချို့က အီရန်ရဲ့ ယူရေနီယမ် ပိုင်ဆိုင်မှုတွေ ကျိန်းသေပေါက် ဖျက်ဆီးခံခဲ့ရတယ်လို့ အတည်ပြုခဲ့ပြီး အဲဒီထဲက အနည်းအကျဉ်းလောက်ကိုတော့ အီရန်က အကောင်းအတိုင်း ပြန်ရခဲ့လိမ့်မယ်လို့ ထုတ်ပြောလာကြပါတယ်။

Public Service Announcement

Public Service Announcement

နာမည်မဖော်လိုတဲ့ အစ္စရေးစစ်ဘက် ထိပ်တန်း အရာရှိ တစ်ယောက်ကတော့ ထောက်လှမ်းရေး သတင်းတွေအရဆိုရင် ဖော့ဒိုနဲ့ နက်တန့်ဇ် နျူကလီးယား စခန်းနှစ်ခုဟာ အမေရိကန်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုမှာ သုံးမရအောင် ပျက်စီးသွားတယ်လို့ သိရှိထားရကြောင်း၊ ဒါပေမဲ့ အစ်ဖာဟန် စခန်းမှာတော့ အီရန်က ယူရေနီယမ်တွေကို ပိုပြီး မြေအောက်နက်နက်မှာ သိုလှောင်ထားပြီး ကာကွယ်ရေး အစီအမံတွေလည်း ပိုမို အားဖြည့်ထားတာကြောင့် ယူရေနီယမ်တချို့ မပျက်မစီး ကျန်နေနိုင်ကြောင်း ABC သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

အီရန်ရဲ့ ယူရေနီယမ် သန့်စင်နိုင်စွမ်းဟာ ၆၀ ရာခိုင်နှုန်းထိ ရောက်ရှိလာချိန်မှာ အစ္စရေးက အီရန် နျူကလီးယား အဆောက်အအုံတွေကို စတင်တိုက်ခိုက်ခဲ့ပြီး နှစ်နိုင်ငံကြား ၁၂ ရက်ကြာ ပဋိပက္ခ ဖြစ်ပေါ်ခဲ့ပါတယ်။ နျူကလီးယားဗုံးတွေ ထုတ်လုပ်နိုင်တဲ့ အဆင့်ထိ ရောက်ဖို့ဆိုရင် ယူရေနီယမ် သန့်စင်မှုနှုန်းက ၉၀ ရာခိုင်နှုန်းထိ အနည်းဆုံး လိုအပ်မှာ ဖြစ်ပါတယ်။

နောက်ထပ် အစ္စရေးစစ်ဘက် အရာရှိ တစ်ဦးကတော့ ဇွန်လ ၁၃ ရက်နေ့မှာ စတင်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ အီရန်ရဲ့ ယူရေနီယမ် ပိုင်ဆိုင်မှုကို ဖျက်ဆီးပစ်ဖို့ တစ်ခုတည်းအတွက် ရည်ရွယ်ထားတာ မဟုတ်ဘဲ အီရန်ရဲ့ နျူကလီးယား စီမံကိန်းအားလုံးကို ဖြိုချဖို့ စီစဉ်ခဲ့တာလို့ ပြောပါတယ်။ အဲဒီလို ထိရောက်တဲ့ လက်ဦးမှုယူ တိုက်ခိုက်မှုမှာ အစ္စရေးရဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေ အောင်မြင်ခဲ့ကြောင်း၊ အီရန်မှာ ယူရေနီယမ်တွေ လက်ကိုင်ရှိနေရင်တောင် နျူကလီးယား သုတေသန လုပ်ငန်းတွေ ပြန်စပြီ ဆိုတာနဲ့ ချက်ချင်း သိနိုင်အောင် အစ္စရေးက စောင့်ကြည့်နေကြောင်း သူက သတိပေးသွားပါတယ်။

အစ္စရေးရဲ့ အဆိုအရ လေကြောင်းစစ်ဆင်ရေးတွေ အတောအတွင်း အီရန်ရဲ့ နျူကလီးယား သိပ္ပံပညာရှင် အနည်းဆုံး ၉ ဦးကိုလည်း သုတ်သင် ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပြီး အစ္စရေးနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအတွင်း အီရန် နျူကလီးယား စီမံကိန်းရဲ့ ဗဟိုချက် အကျဆုံး ကဏ္ဍကနေ ပါဝင်နေတဲ့ ယန္တရားတွေ အကုန် ပျက်စီးကုန်တယ်လို့လည်း ယုံကြည်ရပါတယ်။

အီရန်ရဲ့ နျူကလီးယား အနာဂတ် ဘယ်လိုဘယ်ပုံ ခရီးဆက်မလဲ ဆိုတာကို ထင်ကြေးအမျိုးမျိုးတွေ ထွက်ပေါ်နေချိန်မှာ အစ္စရေးဖက်က ဆန်းစစ်ထားတဲ့ အချက်အလက်တွေ စတင် ထွက်ပေါ်လာတာပါ။ အမေရိကန်ရဲ့ New York Times သတင်းစာဟာ အဲဒီ ဆန်းစစ်တွေ့ရှိမှု အသေးစိတ် အချက်တွေကို ပထမဆုံး ဖော်ပြခဲ့ပါတယ်။

အမေရိကန် အစိုးရကတော့ B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေကို အရေအတွက် အများဆုံး ထုတ်သုံးပြီး ပေါင် ၃၀၀၀၀ လေးလံတဲ့ ဘန်ကာဖျက်ဗုံး တစ်ဒါဇင်ကျော် ကြဲချခဲ့တဲ့ Midnight Hammer မစ်ရှင်မှာ အီရန်ရဲ့ နျူကလီးယား ပစ်မှတ်တွေကို လုံးဝဥဿုံ ချေမှုန်းပစ်နိုင်ခဲ့ကြောင်း ကြွေးကြော်ထားပါတယ်။

ကိုးကား: ABC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ

သတင်း

စစ်တပ်က ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို ဒီကနေ့ ဩဂုတ်၃ရက် မနက်မှာ Jet တိုက်လေယာဉ်တွေနဲ့ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA) က ကနဦး ထုတ်ပြန်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။