မြောက်ကိုရီးယားနဲ့ စစ်ရေးအရ အပြန်အလှန် နားလည် ယုံကြည်မှုမျိုး တည်ဆောက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က ပြောပါတယ်။
ဩဂုတ် ၁၅ ရက်နေ့မှာတော့ လီက သူဟာ မြောက်ပိုင်းမှာရှိတဲ့ နျူကလီးယားလက်နက်ပိုင် ပြိုင်ဘက် နိုင်ငံနဲ့ အပြန်အလှန် လေးစားမှုရှိတဲ့ နိုင်ငံရေး စနစ်မျိုး၊ စစ်ရေးအရ ယုံကြည်မှုမျိုး တည်ဆောက်ဖို့ လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
တခြားတစ်ဖက်မှာတော့ မြောက်ကိုရီးယားက ကိုရီးယား နှစ်နိုင်ငံကြား ပျက်စီးနေတဲ့ ဆက်ဆံရေးကို ပြန်ကုစားဖို့ ရည်ရွယ်ချက် မရှိကြောင်း အတိအလင်း သဘောထားမှတ်ချက် ပေးထားပါတယ်။
တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးဟာ တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ခ်ယော လက်ထက်မှာ အဆိုးဆုံးအဆင့်ထိ ရောက်ရှိခဲ့ပြီး မြောက်ကိုရီးယားက တောင်ကိုရီးယားကို ရန်သူနိုင်ငံအဖြစ် တရားဝင် သတ်မှတ် ကြေညာခဲ့ပါတယ်။

Public Service Announcement
ယွန်ရဲ့ နေရာကို ဇွန်လ ရွေးကောက်ပွဲအပြီးမှာ ဆက်ခံလာတဲ့ လီကတော့ မြောက်ကိုရီးယားနဲ့ မသင့်မြတ်မှုတွေကို ပြန်လည် ပြင်ဆင် ပြောင်းလဲသွားဖို့ လိုလားကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။ အဲဒီအတွက် သူ့ရဲ့ အစိုးရဟာ တင်းမာမှုတွေကို လျှော့ချနိုင်ရေး၊ ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်ရေးဆိုင်ရာ အစီအမံတွေကို ရေရှည်အတွက် လုပ်ဆောင်သွားမယ်လို့ လီက ဆိုပါတယ်။
ဩဂုတ် ၁၅ ရက်နေ့မှာတော့ လီက သူ့ရဲ့ အစိုးရဟာ မြောက်ကိုရီးယားရဲ့ လက်ရှိ စနစ်ကို လေးစားမှုရှိကြောင်း ကတိပြုခဲ့ပြီး ရန်လိုတဲ့ လုပ်ရပ်တွေကို တောင်ကိုရီးယားက အစပြုမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အဲဒီ သဘောထားကို မြောက်ကိုရီးယားဖက်ကလည်း တူတူညီညီ တုံ့ပြန်ပြီး ယုံကြည်မှု ပြန်တည်ဆောက်ဖို့၊ ဆွေးနွေးမှုတွေ ပြန်စဖို့ လက်သင့်ခံလာမယ်လို့ မျှော်လင့်ကြောင်းလည်း သူက မှတ်ချက်ပေးသွားပါတယ်။
ဒါပေမဲ့ အခုသီတင်းပတ်ထဲမှာတင်ပဲ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ နိုင်ငံရေး ဩဇာ ကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က သူ့နိုင်ငံဟာ တောင်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပြန်လည် တိုးတက်အောင် ညှိနှိုင်းယူဖို့ လုံးဝ စိတ်ကူးမရှိကြောင်း အတိအလင်း ပြောကြားထားခဲ့ပါတယ်။
ကိုးကား: AFP

















































