Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ရပ်စဲရေး၊ ယူကရိန်းရဲ့ လုံခြုံရေးတို့အတွက် ထရမ့်၊ ဇီလန်စကီးနဲ့ ဥရောပ ခေါင်းဆောင်တွေ တွေ့ဆုံ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံပြီး ရက်ပိုင်း အကြာမှာပဲ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အနောက်ဥရောပ မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

Reuters

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံပြီး ရက်ပိုင်း အကြာမှာပဲ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အနောက်ဥရောပ မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဖေဖော်ဝါရီလတုန်းက အိမ်ဖြူတော်မှာ ထရမ့်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ တွေ့ဆုံကြတုန်းက အခြေအတင် စကားတွေများကြရင်း အဆင်မပြေခဲ့ပေမယ့် အခု ဆွေးနွေးပွဲကတော့ ပြေပြေပြစ်ပြစ် ချောချောမောမောနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဆွေးနွေးပွဲမှာတော့ ရုရှား-ယူကရိန်း စစ်ပွဲကို ရပ်ဆိုင်းနိုင်ရေးအတွက် ဘယ်လို ချဉ်းကပ် လုပ်ဆောင်သင့်သလဲဆိုတဲ့ အမြင်မတူမှုတွေကို အမေရိကန်၊ ယူကရိန်းနဲ့ ဥရောပ နိုင်ငံတွေကြား သဘောထား ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံပွဲဟာ ထရမ့်နဲ့ ဇီလန်စကီးတို့ရဲ့ ဆွေးနွေးမှုတွေကို အဓိက ထားပေမယ့် ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ၊ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်၊ ဂျာမန် အဓိပတိ ဖရိုင်းဒရစ်ချ်မားဇ်၊ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ၊ ဖင်လန် သမ္မတ အလက်ဇန္ဒား စတက်ဘ်၊ ဥရောပ ကော်မရှင် အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန်၊ NATO မဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးတို့ပါ ပါဝင် တက်ရောက်ခဲ့ပါတယ်။ အမေရိကန်ဖက်ကတော့ ထရမ့်အပြင် နိုင်ငံခြားရေး မတ်ခ်ရူဘီရို၊ ဘဏ္ဍာရေး ဝန်ကြီး စကော့ ဘက်ဆန့်တို့ပါ အစည်းအဝေး တက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ အဓိက ထားခဲ့တဲ့ အကြောင်းအရာတွေကတော့ စစ်ပွဲကို ဘယ်လိုနည်းလမ်းနဲ့ အဆုံးသတ်မလဲ၊ ပြီးတော့ စစ်ပွဲနောက်ဆက်တွဲ ယူကရိန်းနိုင်ငံရဲ့ အနာဂတ် လုံခြုံရေးအတွက် ဘယ်လို အစီအမံတွေနဲ့ အာမခံချက် ပေးနိုင်မလဲ ဆိုတာတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လူချင်းတွေ့ဆုံချိန်မှာ ပူတင်က ဘာတွေ တောင်းဆိုထားခဲ့သလဲ ဆိုတာကိုလည်း ထရမ့်က ဇီလန်စကီးနဲ့ မဟာမိတ် ခေါင်းဆောင်တွေကို ပြောပြခဲ့ပါတယ်။ ဆွေးနွေးမှုတွေ အပြီးမှာတော့ သတင်းစာ ရှင်းလင်းပွဲ မကျင်းပဘဲ အစည်းအဝေး တက်ရောက်ခဲ့သူတွေက သတင်းမီဒီယာတွေရဲ့ မေးခွန်းတွေကိုတော့ ဖြေကြားခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အရေးကြီးတဲ့ အချက်အလက်တွေအဖြစ် ထရမ့်-ဇီလန်စကီး-ပူတင် သုံးပွင့်ဆိုင် ဆွေးနွေးဖို့ ဖြစ်နိုင်ခြေကို ထရမ့်ရော၊ ဇီလန်စကီးကပါ အသီးသီး အတည်ပြုသွားပါတယ်။ နောက်ပိုင်းမှာ ထရမ့်က အဲဒီကိစ္စ အထမြောက်ဖို့ သူစီစဉ်နေပြီလို့ သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသား ကြေညာခဲ့ပါတယ်။ ဇီလန်စကီးကလည်း သူဟာ ရုရှားသမ္မတရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အကျေအလည် စကားပြောဖို့ အသင့်ဖြစ်နေပြီလို့ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

နောက်ထပ် အဓိကကျတဲ့ ခေါင်းစဉ်တစ်ခုကတော့ ယူကရိန်းရဲ့ အနာဂတ် လုံခြုံရေးအပေါ် ဘယ်လို အာမခံချက် ပေးမလဲ ဆိုတာပါ။ ထရမ့်က အသေးစိတ် မပြောပေမယ့် အမေရိကန်ဟာ အဲဒီလို အာမခံချက် တစ်ခုခု ဖန်တီးပေးဖို့ စီစဉ်နေတယ် ဆိုတာကိုတော့ အရိပ်အမြွက် အသိပေးသွားပါတယ်။ ဒါပေမဲ့ ဇီလန်စကီး ကာလရှည်ကြာ တောင်းဆိုနေခဲ့သလိုမျိုး ယူကရိန်းကို NATO စစ်မဟာမိတ် အဖွဲ့ဝင်ဖြစ်ခွင့် ပေးဖို့ ဆိုတာကိုတော့ အစည်းအဝေး မတိုင်ခင်မှာ ကတည်းက ထရမ့်က ပယ်ချထားပြီးသားပါ။ လုံခြုံရေး အာမခံချက်ရဲ့ အစိတ်အပိုင်းအဖြစ် ဥရောပ နိုင်ငံတွေဟာ အမေရိကန်လုပ် စစ်လက်နက် ဒေါ်လာ ၉၀ ဘီလီယံဖိုးလောက်ကို ဝယ်ယူပြီး ယူကရိန်းဆီ ထောက်ပံ့ပေးဖို့ ဆိုတာကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဇီလန်စကီးက ပြောပါတယ်။ ဒီထက်ပိုအသေးစိတ်ကျတဲ့ အချက်တွေလည်း ဆက်လက် ညှိနှိုင်းနေပြီး လာမယ့် တစ်ပတ်ကနေ ၁၀ ရက်အတွင်း အပြီးသတ် ဆုံးဖြတ်နိုင်ခြေလည်း ရှိနေပါတယ်။

ထရမ့်က စစ်ပွဲ ရပ်ဆိုင်းရေး သဘောတူညီချက် ရယူရာမှာ ရုရှားနဲ့ ယူကရိန်းကြား ထိန်းချုပ်နယ်မြေတွေ ဖလှယ်ဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ပြောကြားထားဖူးပြီး ဇီလန်စကီးကတော့ အဲဒီအကြောင်းကိုလည်း သူနဲ့ ထရမ့်တို့ အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့တယ်လို့ အတည်ပြုသွားပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာတော့ ထရမ့်ရော၊ ဇီလန်စကီးပါ ထိန်းချုပ်နယ်မြေတွေ ဘယ်လိုခွဲဝေမလဲ ဆိုတာကို တိတိကျကျ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ ဇီလန်စကီးကတော့ သူနဲ့ ထရမ့်ကြားမှာ အမြင်မတူတာတချို့ ရှိပေမယ့် နွေးနွေးထွေးထွေး၊ လေးလေးစားစား ဆွေးနွေးခဲ့တယ်လို့ ပြောကြားသွားပါတယ်။ အဲဒီ အချိန်တုန်းက အိမ်ဖြူတော်ထဲမှာတော့ ရုရှား သိမ်းပိုက် နယ်မြေတွေကို သေသေချာချာ ဆေးရောင်ခြယ်ပြထားတဲ့ ယူကရိန်းမြေပုံလည်း ရှိနေခဲ့ပါတယ်။

ဇီလန်စကီးဟာ ရုရှားနဲ့စစ်ပွဲ စတင်ချိန် ကတည်းက နိုင်ငံတကာ အစည်းအဝေးတွေ၊ ညီလာခံတွေကို စစ်အဝတ်အစားနဲ့ပဲ တက်လေ့ရှိခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ အနက်ရောင် ရှပ်အင်္ကျီ၊ ဘောင်းဘီနဲ့ ကုတ်အင်္ကျီတွေကို ဝတ်ဆင်လာခဲ့ပါတယ်။ ဒါပေမဲ့ လည်စည်းတော့ စည်းမထားပါဘူး။ သူဟာ ဒီတစ်ကြိမ် ထရမ့်နဲ့ တွေ့ဆုံချိန်မှာတော့ အတိုက်အခံဖြစ်နိုင်တဲ့ အခြေအနေ အားလုံးကို ရှောင်ပြီး ပြေပြစ်ပြစ်ပြစ် အဖြစ်ဆုံး နည်းတွေကို ရွေးချယ်သွားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီရိုကတော့ အမေရိကန်ဟာ ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်တစ်ခု ပေးအပ်နိုင်ဖို့ကို ဥရောပက မဟာမိတ်တွေနဲ့ရော၊ မဟာမိတ် မဟုတ်တဲ့ နိုင်ငံတွေနဲ့ပါ အသေအချာ ဆွေးနွေး အကောင်အထည် ဖော်နေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေဟာ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခု ထွက်ပေါ်လာပြီးမှ လုပ်လို့ကိုင်လို့ရမှာ ဖြစ်ကြောင်း၊ အဲဒီကျရင် ယူကရိန်းဟာ လုံလုံခြုံခြုံနဲ့ ရှေ့ဆက် ရပ်တည်သွားနိုင်မှာဖြစ်ကြောင်း သူက ဆိုပါတယ်။ ပြီးတော့ ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်ကို ဝိုင်းဝန်း ထောက်ပံ့ပေးဖို့ လိုလားကြောင်း ချဉ်းကပ် အသိပေးတဲ့ နိုင်ငံတချို့လည်း ရှိနေတယ်လို့ သူက မှတ်ချက်ပေးသွားပါတယ်။

အမေရိကန်မှာ ထရမ့်နဲ့ ဇီလန်စကီးတို့ တွေ့ဆုံမယ့် နေ့မှာပဲ ရုရှားက ယူကရိန်းနိုင်ငံ အနှံ့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။