အနာဂတ်မှာ ယူကရိန်းရဲ့ လုံခြုံရေးကို အာမခံချက်ပေးဖို့ အမေရိကန် မြေပြင်တပ်တွေ စေလွှတ်ပေးတာမျိုး လုပ်မှာ မဟုတ်ကြောင်း ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ယူကရိန်းကို တိုက်ခိုက်လာတဲ့ အခြေအနေ တစ်ခုခုမှာ အမေရိကန်က လေကြောင်း စစ်ရေး အစီအမံတွေနဲ့ ကူညီ ကာကွယ်တာမျိုးတော့ ရှိနိုင်တယ်လို့ အမေရိကန် သမ္မတက ဩဂုတ် ၁၉ ရက်နေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။
တကယ်လို့ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲ ရပ်စဲသွားရင်တောင် အနာဂတ်မှာ ရုရှားရဲ့ နောက်ထပ် ကျူးကျော်မှုတွေကနေ ယူကရိန်းကို ဘယ်လို အကာအကွယ်မျိုး အာမခံချက် ပေးမလဲ ဆိုတာက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေကို အရေးတကြီး မေးမြန်းထားတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။
မကြာသေးခင်က အိမ်ဖြူတော်မှာ ထရမ့်၊ ဇီလန်စကီးနဲ့ ဥရောပ နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံကြတုန်းကလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်နဲ့ ဇီလန်စကီးတို့ အချိန်ယူ ဆွေးနွေးခဲ့ပါတယ်။ ယူကရိန်းရဲ့ အနာဂတ် လုံခြုံရေး အာမခံချက် ရရှိအောင် ဘယ်လို စီမံမလဲ ဆိုတဲ့အပေါ် မူကြမ်းအဆင့် သဘောတူထားပြီး အသေးစိတ်ကိုတော့ နောက်ထပ် ရက်ပိုင်းအကြာမှာ ညှိနှိုင်း အောင်မြင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement
အဲဒီ အစီအမံတွေထဲမှာ ဥရောပ နိုင်ငံတွေ စုပေါင်းပြီး အမေရိကန်လုပ် စစ်လက်နက် ဒေါ်လာ ၉၀ ဘီလီယံဖိုးလောက်ကို ယူကရိန်းအတွက် ဝယ်ယူဖြည့်တင်းပေးဖို့ ဆိုတာလည်း အပါအဝင် ဖြစ်ပါတယ်။ နောက်ပြီး အနာဂတ်မှာ ယူကရိန်းသာ စစ်ပြုတိုက်ခိုက် ခံလာရရင် အမေရိကန်ကရော တပ်တွေ စေလွှတ်ပြီး ကာကွယ်ပေးမလားဆိုတဲ့ မေးခွန်းတွေ ရှိလာပေမယ့် ထရမ့်ကတော့ မြေပြင်တပ်တွေ လွှတ်မှာ မဟုတ်ကြောင်း ငြင်းဆိုသွားပါတယ်။
ပြဿနာ ကြုံလာရင် မြေပြင်တပ်တွေ လွှတ်ပေးတာမျိုး ဥရောပ နိုင်ငံတွေမှာတော့ ဆန္ဒရှိကောင်း ရှိနိုင်ကြောင်း၊ အမေရိကန်ကတော့ ယူကရိန်းကို ရုပ်ဝတ္ထု ပစ္စည်းတွေနဲ့သာ ကူညီဖို့ လိုလားပြီး လေကြောင်းကနေ ကူညီတာတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း Fox သတင်းဌာနကို ထရမ့်က မှတ်ချက်ပေးသွားပါတယ်။
အစောပိုင်းတုန်းက ဇီလန်စကီးဟာ ယူကရိန်းရဲ့ လုံခြုံရေးကို စစ်စစ်မှန်မှန် အာမခံနိုင်ဖို့ဆိုရင် NATO စစ်မဟာမိတ် အဖွဲ့ဝင် ဖြစ်ခွင့်ပေးခြင်းက တစ်ခုတည်းသော နည်းလမ်း ဖြစ်လိမ့်မယ်လို့ တောင်းဆိုထားခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားက ယူကရိန်းကို NATO အဖွဲ့ဝင် ဖြစ်ခွင့်ပေးတာမျိုး လုံးဝ လက်မခံကြောင်း တူးတူးခါးခါး ငြင်းဆိုထားသလို ထရမ့်ကလည်း ဇီလန်စကီး အနေနဲ့ စစ်ပွဲရပ်ဆိုင်းဖို့အတွက် NATO အိပ်မက်ကို စွန့်လွှတ်သင့်ပြီလို့ သတိပေးထားပါတယ်။
ထရမ့်ဟာ အနာဂတ် ယူကရိန်း လုံခြုံရေးအတွက် လေကြောင်းကနေ ကူညီပေးမယ်လို့ ပြောပေမယ့် ဘယ်လို သဘောတရားမျိုးလဲ ဆိုတာကိုတော့ ရှင်းမပြခဲ့ပါဘူး။ လေကြောင်းက ကူညီတယ် ဆိုတာဟာ အဓိပ္ပါယ် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ ယူကရိန်းရဲ့ လေပိုင်နက် လုံခြုံအောင် ဒုံးကျည်စနစ်တွေ ဖြန့်ကျက်ပေးတာ၊ ဒါမှမဟုတ် တိုက်လေယာဉ်တွေ စေလွှတ်ပြီး လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်တာ ဘာမဆို ဖြစ်နိုင်ပါတယ်။
ထရမ့်ဟာ ၃ နှစ်ခွဲလောက် ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ ရုရှား-ယူကရိန်း စစ်ပွဲကို ရပ်စဲစေဖို့ နှစ်နိုင်ငံစလုံးကို ဖိအားပေးနေပြီး လောလောဆယ်မှာတော့ သူ၊ ဇီလန်စကီးနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ သုံးပွင့်ဆိုင် ဆွေးနွေးမယ့် ကိစ္စမျိုး အထမြောက်အောင် စီစဉ်နေကြောင်း ပြောကြားထားပါတယ်။
ကိုးကား: Reuters


















































