Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို Tomahawk ဒုံးကျည်တွေ အမေရိကန် ထောက်ပံ့ရင် ရုရှားနဲ့ ဆက်ဆံရေး ထိခိုက်လိမ့်မယ်လို့ ပူတင်ပြော

ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်တွေ ထောက်ပံ့မယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်သွားစေလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန်ကို ရည်ရွယ်ပြီး သတိပေး ပြောကြားသွားပါတယ်။

ဓာတ်ပုံ - Reuters/File

ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်တွေ ထောက်ပံ့မယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်သွားစေလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန်ကို ရည်ရွယ်ပြီး သတိပေး ပြောကြားသွားပါတယ်။

ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ် အပါအဝင် အမေရိကန် အစိုးရ ထိပ်ပိုင်း အရာရှိတွေက သမ္မတ ဒေါ်နယ်လ် ထရမ့်အနေနဲ့ ယူကရိန်းဆီ အမေရိကန်ရဲ့ စွမ်းဆောင်ရည်မြင့် တာဝေးပစ် Tomahawk ခရုစ်ဒုံးကျည်တွေ ထောက်ပံ့ဖို့ စဉ်းစားနေကြောင်း ပြောကြားထားပါတယ်။

ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ အောက်တိုဘာ ၂ ရက်နေ့ နိုင်ငံတကာ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပညာရှင်တွေနဲ့ တွေ့ဆုံချိန်မှာ အမေရိကန် အနေနဲ့ ယူကရိန်းကို Tomahawk ဒုံးကျည်တွေ ပံ့ပိုးခဲ့မယ်ဆိုရင် လက်ရှိ စစ်ပွဲရဲ့ တင်းမာမှုတွေကို မြင့်တက်သွားစေရုံသာ ရှိမှာဖြစ်ပြီး အကျိုးဖြစ်ထွန်းမှုတော့ တွေ့ရမှာ မဟုတ်ဘူးလို့ ပူတင်က ဆိုပါတယ်။

Tomahawkတွေဟာ ရုရှားအတွက် ခြိမ်းခြောက်မှုအသစ် ဖြစ်လာမှာ သေချာပေမယ့်လည်း ရုရှားရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေက မကြာခင်မှာပဲ အသားတကျ ကိုင်တွယ်လာနိုင်မှာ သေချာတယ်လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Tomahawkတွေကလည်း စစ်မြေပြင်မှာ ရုရှားက အသာစီး ရနေတဲ့ အရှိတရားကို ပြောင်းလဲစေမှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ ယူကရိန်းဆီ အဲဒီဒုံးကျည်တွေကို အမေရိကန်က ပေးပို့ရင် ရုရှားနဲ့ အမေရိကန် ဆက်ဆံရေးမှာပဲ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ကြောင်း ပူတင်က ဆိုပါတယ်။

အိမ်နီးချင်း နိုင်ငံလေး တစ်ခုအပေါ် ၃ နှစ်ခွဲလောက် စစ်တိုက်နေတာတောင် မနိုင်တဲ့အတွက် ရုရှားကို စက္ကူကျား ဖြစ်နေပြီလို့ ထရမ့်က ပြောဆိုခဲ့ဖူးတာနဲ့ ပတ်သက်ပြီး ပူတင်ကို သဘောထား မေးမြန်းကြတဲ့အခါ သူက တကယ်တမ်းမှာ ရုရှားဟာ NATOက အလုံးအရင်း ကျောထောက်နောက်ခံ ကူညီနေတဲ့ ယူကရိန်းနဲ့ တိုက်နေရတာ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ တကယ်တမ်းဆိုရင် ရုရှားကသာ နိုင်ငံတွေ အများကြီး စုထားတဲ့ NATO မဟာမိတ်နဲ့ ရင်ဆိုင် တိုက်နေရတဲ့ သဘောဖြစ်ကြောင်း၊ ဒါတောင်မှ ရုရှားက ရှေ့ဆက်တိုးနေဆဲ၊ စစ်ရေး ရည်မှန်းချက်တွေအတွက် ယုံကြည်မှု ပြည့်ဝနေဆဲဖြစ်ကြောင်း၊ ဒီအခြေအနေမျိုးမှာ ရုရှားကို စက္ကူကျားလို့ပြောရင် NATOရဲ့ အဆင့်က ဘာဖြစ်သွားမလဲဆိုတာ မှန်းကြည့်လို့ရကြောင်း ပူတင်က တုံ့ပြန်ခဲ့ပါတယ်။

အိမ်ဖြူတော်ကတော့ ပူတင်ရဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ဘာမှ မပြောသေးပါဘူး။ ပူတင်က ထရမ့်အနေနဲ့ ရုရှားနဲ့ ယူကရိန်းကြား စစ်ရပ်စဲရေးအတွက် အမှန်တကယ် အားထုတ်နေတယ်လို့တော့ ချီးကျူးခဲ့ပြီး ဩဂုတ်လတုန်းက အမေရိကန်ရဲ့ အလာစကာ ပြည်နယ်မှာ သူနဲ့ ထရမ့်တို့ တွေ့ဆုံ ဆွေးနွေးခဲ့မှုတွေက အပြုသဘော ဆောင်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

ယူကရိန်း အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်မယ့် ဖြစ်နိုင်ခြေ နည်းလမ်းတွေကို ဝိုင်းစဉ်းစားခဲ့တယ် ဆိုတာက ကောင်းတဲ့ကိစ္စ ဖြစ်ကြောင်း၊ ထရမ့်နဲ့ ဆွေးနွေးရတာကလည်း သက်တောင့်သက်သာ ရှိခဲ့ကြောင်း ပူတင်က ပြောဆိုသွားခဲ့ပါတယ်။

ကိုးကား: CTV

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။