Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ မဟာမိတ်တွေကို ဗြိတိန်ဝန်ကြီးချုပ် တိုက်တွန်း

ယူကရိန်းရဲ့ တာဝေးပစ်ခတ်မှု ဒုံးကျည်စွမ်းရည်ကို မြှင့်တင်နိုင်အောင် အနောက် မဟာမိတ် နိုင်ငံတွေက ဝိုင်းဝန်း ပံ့ပိုးကြဖို့လိုကြောင်း ဗြိတိန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ယူကရိန်းရဲ့ တာဝေးပစ်ခတ်မှု ဒုံးကျည်စွမ်းရည်ကို မြှင့်တင်နိုင်အောင် အနောက် မဟာမိတ် နိုင်ငံတွေက ဝိုင်းဝန်း ပံ့ပိုးကြဖို့လိုကြောင်း ဗြိတိန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့တုန်းက လန်ဒန်မြို့တော်မှာ ဧည့်သည် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို တွေ့ဆုံခဲ့တဲ့နောက် ဝန်ကြီးချုပ် ဆာကီရာ စတာမာက အခုလို ပြောကြားခဲ့တာပါ။ ဒေါင်းနင်းလမ်းမှာရှိတဲ့ ဝန်ကြီးချုပ် အိမ်တော်ဆီ ဇီလန်စကီး ရောက်လာတဲ့အခါ စတာမာက ဖက်လှဲတကင်း တရင်းတနှီး နှုတ်ဆက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

အနာဂတ်မှာ ယူကရိန်းရဲ့ စစ်ရေး စွမ်းရည်၊ အထူးသဖြင့် တာဝေး တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ဖို့ မဟာမိတ်တွေ အနေနဲ့ လုပ်ဆောင်နိုင်မယ် ထင်ကြောင်း၊ အရေးအကြီးဆုံးက ဒီရည်မှန်းချက်ကို အကောင်အထည် ဖော်ချိန်မှာ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ သင့်တော်တဲ့ အချိန်ကာလ တစ်ခုရောက်ရင် ယူကရိန်းရဲ့ လုံခြုံရေးကို အာမခံပေးနိုင်ဖို့ လိုလားတဲ့ စိတ်ဆန္ဒတွေတော့ လိုအပ်မှာဖြစ်ကြောင်း စတာမာက ဆိုပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲ ၄ နှစ်ပြည့်လုနီးပါး ရှိလာချိန်မှာ အနောက်မဟာမိတ် နိုင်ငံတွေက ရုရှားအပေါ် စီးပွားရေးအရ တင်းတင်းကျပ်ကျပ် ဖိအားပေး ပိတ်ဆို့မှုတွေ ပိုမို မြှင့်တင်လာပါတယ်။ အခု သီတင်းပတ်ထဲမှာတင် အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့ဟာ ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေဟာ ယူကရိန်းအတွက် နောက်ထပ် ၂ နှစ်ကြာ စစ်ရေး အထောက်အပံ့တွေ ဆက်လက် ပေးအပ်နေဖို့လည်း သဘောတူထားပါတယ်။

Public Service Announcement

Public Service Announcement

စတာမာနဲ့ ဇီလန်စကီးတို့ လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကို NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေး၊ ဒိန်းမတ် ဝန်ကြီးချုပ် မတ်တီ ဖရက်ဒရစ်ခ်ဆန်နဲ့ နယ်သာလန် ဝန်ကြီးချုပ် ဒစ်ခ်ရှော့ဖ်တို့ တက်ရောက်ခဲ့ပြီး ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း အွန်လိုင်းကနေ ချိတ်ဆက် ပါဝင်ခဲ့ပါတယ်။

အဲဒီ ဆွေးနွေးမှုတွေမှာ စတာမာက မဟာမိတ် နိုင်ငံတွေ အနေနဲ့ ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်တွေ ပိုမို ထောက်ပံ့ပေးကြဖို့ တိုက်တွန်းခဲ့ပြီး မာခရွန်ကလည်း ထောက်ခံသွားပါတယ်။

ဇီလန်စကီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဝါရှင်တန်ဒီစီကို သွားရောက်ပြီး အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့လည်း ဆွေးနွေးခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ ထရမ့်ဟာ အမေရိကန်ရဲ့ Tomahawk တာဝေးပစ် ခရုစ်ဒုံးကျည်တွေ ယူကရိန်းဆီ ပေးအပ်ဖို့ ကိစ္စကို ငြင်းပယ်ခဲ့ပါတယ်။

လန်ဒန်က ဆွေးနွေးပွဲမှာတော့ စတာမာက ဥရောပ မဟာမိတ် နိုင်ငံတွေ အနေနဲ့ ယူကရိန်း စစ်ပွဲ အစမှာ ရုရှားကို စီးပွားရေး ပိတ်ဆို့ အရေးယူတဲ့ အနေနဲ့ သိမ်းဆည်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ယူကရိန်းရဲ့ စစ်သုံးစရိတ် အထောက်အပံ့အဖြစ် ပြောင်းလဲနိုင်ရေး လုပ်ဆောင်မှုတွေကို အမြန်ဆုံး အပြီးသတ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ အခု သီတင်းပတ်ထဲမှာ ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေက လက်ရှိ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှု ယူရို ၂၀၀ ဘီလီယံလောက်ထဲက ၁၄၀ ဘီလီယံကို ယူကရိန်းအတွက် ချေးငွေအဖြစ် ပြောင်းလဲနိုင်အောင် စီမံပေးဖို့ ဥရောပ ကော်မရှင်ကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားပိုင်ဆိုင်မှု အများအပြားကို ဆိုင်းငံ့ထိန်းချုပ်ထားတဲ့ ဘယ်လ်ဂျီယမ် အစိုးရကတော့ ဒီကိစ္စရဲ့ ရှုပ်ထွေးမှုကြောင့် ကန့်ကွက်ထားဆဲ ဖြစ်ပါတယ်။

ဇီလန်စကီးဟာ ရုရှားပိုင်နက် အတွင်းပိုင်းထိ ထဲထဲဝင်ဝင် တိုက်ခိုက်နိုင်မယ့် တာဝေးပစ် စစ်လက်နက်တွေ တိုးမြှင့် ရရှိရေးအတွက် မဟာမိတ် နိုင်ငံတွေဆီ လှည့်လည်ပြီး စည်းရုံးရေး ဆင်းနေခဲ့ပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ ယူကရိန်းအတွက် တာဝေး ပစ်ခတ်နိုင်တဲ့ Storm Shadow ခရုစ်ဒုံးကျည်တွေကို ပမာဏ အတိုင်းအတာ တစ်ခုအထိ ထောက်ပံ့ထားပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား: Kyiv Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်က ဆေးရုံတစ်ခု ခေါင်မိုးပေါ်မှာ သေမင်းပုံစံ ဝတ်ဆင်ပြီး လူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့တဲ့ လူငယ်ဟာ ဒဏ်ငွေတပ်ရိုက်တာ ခံလိုက်ရပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။