Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယူးယောက် မြို့တော်ဝန်အဖြစ် ပထမဆုံးအကြိမ် အာရှတောင်ပိုင်းအနွယ် မွတ်ဆလင်တစ်ဦး ရွေးကောက်ခံရ

ကြိုတင် ရေပန်းစားနေတဲ့အတိုင်း ဇိုဟ်ရန် မမ်ဒါနီဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရဲ့ မြို့တော်ဝန်အဖြစ် ရွေးကောက် ခံခဲ့ရပါတယ်။

ဓာတ်ပုံ - The New York Times

ကြိုတင် ရေပန်းစားနေတဲ့အတိုင်း ဇိုဟ်ရန် မမ်ဒါနီဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရဲ့ မြို့တော်ဝန်အဖြစ် ရွေးကောက် ခံခဲ့ရပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့က အမေရိကန်ရဲ့ ဒေသတချို့မှာ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေ အသီးသီး ကျင်းပခဲ့ပြီး နယူးယောက် မြို့တော်ဝန် နေရာအတွက် အဆုံးအဖြတ် ခံယူမှုလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

မမ်ဒါနီဟာ မွတ်ဆလင် တစ်ဦး၊ ဒီမိုကရက်တစ် ပါတီရဲ့ ဆိုရှယ်လစ် အတွေးအမြင်ဖက် ယိမ်းသူတစ်ဦးဖြစ်ပါတယ်။ သူဟာ ဒီရာထူးကို ရရှိတဲ့ ပထမဆုံး မွတ်ဆလင်၊ ပထမဆုံး အာရှတောင်ပိုင်း အနွယ်ဝင် အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

နယူးယောက် မြို့တော်ဝန် ရာထူးကို သူရရှိခဲ့တာက ထူးခြားတဲ့ အရွေ့တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ အစဉ်အလာအရ အဲဒီရာထူးနေရာကို ချမ်းသာကြွယ်ဝတဲ့ မြေရှင်ကြီးတွေ၊ ဘီလီယံနာ သူဌေးကြီးတွေက လက်မလွှတ်စတမ်း ကြိုးကြိုးစားစား ထိန်းသိမ်းထားတတ်တာကြောင့်ပါ။

Public Service Announcement

Public Service Announcement

မမ်ဒါနီဟာ အမေရိကန်ရဲ့ အကြီးဆုံး မြို့ကြီးမှာ လူနေမှုစရိတ်တွေ မြင့်တက်လာတာကို တိုက်ဖျက်မယ်ဆိုတဲ့ အစီအမံတွေကို ချပြပြီး မဲဆွယ်စည်းရုံးခဲ့သလို အဆုံးမှာတော့ အောင်မြင်မှု ရရှိခဲ့ပါတယ်။ သူက အိမ်ငှားခတွေ မြှင့်တင်ခွင့်ကို ကန့်သတ်ဖို့၊ တန်ဖိုးသင့် အိမ်ရာတွေ ပိုမိုချဲ့ထွင် ဆောက်လုပ်ဖို့၊ ဘတ်စ်ကားခတွေကို အခမဲ့ သတ်မှတ်ပေးဖို့၊ ၅ နှစ်အရွယ်အထိ ကလေးစောင့်ရှောက်မှုတွေ အခမဲ့ ဖြစ်စေဖို့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုပြီး မဲဆွယ်ခဲ့ပါတယ်။ ဒါ့အပြင် အကျိုးအမြတ် မယူတဲ့ စျေးဝယ်စင်တာတွေ ဖွင့်လှစ်ဖို့၊ ၂၀၃၀ ပြည့်နှစ် အရောက်မှာ တစ်နာရီလုပ်ခကို ဒေါ်လာ ၃၀ ထိ မြှင့်တင်နိုင်ဖို့ ဆိုတာတွေကိုလည်း သူက ထည့်သွင်း မဲဆွယ်ခဲ့ပါတယ်။

သူ့ရဲ့ အစီအစဉ်တွေထဲမှာ အသေးစား လုပ်ငန်းတွေအတွက် ဒဏ်ကြေးတွေကို ထက်ဝက်လျှော့ဖို့၊ လုပ်ငန်းကြီးတွေရဲ့ အခွန်နဲ့ ချမ်းသာကြွယ်ဝသူတွေအတွက် အခွန်တွေကို မြှင့်တင်ဖို့လည်း ပါဝင်ပါတယ်။ ဥပမာ တစ်နှစ်ကို ဒေါ်လာ ၁ သန်းထက်ပိုမို ဝင်ငွေရှိသူတွေဟာ အခွန် ၂ ရာခိုင်နှုန်း တိုးဆောင်ရမှာ ဖြစ်ပါတယ်။

သူဟာ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးက ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုကို လူမျိုးသုဉ်း သတ်ဖြတ်မှုလို့ အတိအလင်း စွပ်စွဲခဲ့တဲ့ အမေရိကန် ထိပ်တန်း နိုင်ငံရေးသမား အနည်းအကျဉ်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်ထားတဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက နယူးယောက်ကို ရောက်လာမယ်ဆိုရင် အဲဒီ ဝရမ်းကို လေးစားလိုက်နာပြီး သူ့ကို ဖမ်းခိုင်းမယ်လို့တောင် မမ်ဒါနီက ပြောခဲ့ဖူးပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ သူ့ဇာတိ နယူးယောက်မြို့မှာ သူအရမ်း မျက်မုန်းကျိုးတဲ့ မမ်ဒါနီကို မြို့တော်ဝန် ဖြစ်မလာစေချင်ကြောင်း အတိအလင်း ပြောကြားထားပါတယ်။ သူက အရင် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အန်ဒရူး ကူအိုမိုကို ထောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။ ကူအိုမိုဟာ ဒီမိုကရက်တစ် ပါတီဝင် တစ်ဦးဖြစ်ပေမယ့် မြို့တော်ဝန် နေရာအတွက် ပါတီကိုယ်စားလှယ်လောင်း စာရင်းမှာ မမ်ဒါနီကို ရှုံးခဲ့တဲ့နောက် တစ်သီးပုဂ္ဂလ သဘောမျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူက ထရမ့်ရဲ့ ထောက်ခံမှုကို မကြိုဆိုခဲ့ဘဲ ထရမ့်ဟာ သူ့ကို ထောက်ခံတာ မဟုတ်ဘဲ မမ်ဒါနီကို ဆန့်ကျင်ချင်တာ သက်သက်ပဲ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

မမ်ဒါနီ အနိုင်ရမှာစိုးလို့ ဘီလီယံနာ တော်တော်များများဟာ ကူအိုမိုရဲ့ မဲဆွယ်မှုတွေမှာ ဒေါ်လာ သန်း ၄၀ လောက်ထိ ပါဝင်ထောက်ခံ လှူဒါန်းခဲ့ပါတယ်။ ထရမ့်ရဲ့ ဘက်တော်သား ဘီလ်အက်ခ်မန်း ကိုယ်တိုင်တောင် ဒေါ်လာ ၁.၂ သန်း ထည့်ဝင်ခဲ့ပါသေးတယ်။

မမ်ဒါနီကို ထောက်ခံတဲ့သူတွေထဲမှာတော့ ထင်ရှားတဲ့ နိုင်ငံရေး ကြယ်ပွင့်တွေဖြစ်တဲ့ ဘာနေဆန်းဒါးစ်၊ အလက်ဇန္ဒရီရာ အော့ကာစီယို ကောတက်ဇ်တို့လည်း ပါဝင်ခဲ့ပါတယ်။ နယူးယောက် မြို့တော်ဝန်ဟောင်း ဘီလ်ဒီ ဘလာစီယိုကလည်း မမ်ဒါနီဖက်က အားပေးခဲ့ပါတယ်။ ဆန်းဒါးကတော့ မမ်ဒါနီသာ မြို့တော်ဝန် ရွေးကောက်ပွဲမှာ နိုင်ခဲ့မယ်ဆိုရင် ခေတ်သစ် အမေရိကန် နိုင်ငံရေး သမိုင်းမှာ မျက်လုံးအပြူးရဆုံး ရလဒ်တစ်ခု ဖြစ်လာမယ်လို့ အခုသီတင်းပတ် အစောပိုင်းမှာ ခန့်မှန်းထားခဲ့ဖူးပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပြန်လည် စတင်လာတဲ့ တိုက်ခိုက်မှုတွေကို နှစ်ဖက်စလုံးက ရပ်တန့်ဖို့ အီရန်နဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း အမေရိကန် အစိုးရ အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ငြိမ်းချမ်းရေး ကတိကဝတ်တွေကို ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲရင်း အီရန်နဲ့ အမေရိကန်တို့ကြားက တိုက်ခိုက်မှုတွေဟာ အရှေ့အလယ်ပိုင်း ဒေသမှာ ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုင်ငံတကာ

အမေရိကန် နည်းပညာ လုပ်ငန်းစုတွေအပေါ် အခွန်ကောက်ယူမှု စည်းမျဉ်းသစ် သတ်မှတ်မယ့် ဘယ်ဥရောပ နိုင်ငံကိုမဆို သွင်းကုန်အခွန်အခ ၁၀၀ ရာခိုင်နှုန်း သတ်မှတ် ကောက်ယူသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစ်စီး ဒရုန်းနဲ့ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန်မှာရှိတဲ့ စစ်ရေးပစ်မှတ် တချို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။