Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယူးယောက် မြို့တော်ဝန်အဖြစ် ရွေးကောက်ခံရတဲ့ မမ်ဒါနီက ကွန်မြူနစ်တစ်ယောက်လို့ ထရမ့်ပြော

နယူးယောက် မြို့တော်ဝန်သစ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ဇိုဟ်ရန် မမ်ဒါနီကို ကွန်မြူနစ် တစ်ဦးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - AP, Getty Images

နယူးယောက် မြို့တော်ဝန်သစ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ဇိုဟ်ရန် မမ်ဒါနီကို ကွန်မြူနစ် တစ်ဦးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

အသက် ၃၄ နှစ်သာ ရှိသေးတဲ့ မမ်ဒါနီဟာ နိုဝင်ဘာ ၄ ရက် ရွေးကောက်ပွဲ ရလဒ်အရ အမေရိကန်ရဲ့ အကြီးဆုံး မြို့မှာ မြို့တော်ဝန် ရာထူးကို ရယူနိုင်ဖို့ သေချာသွားခဲ့ပါတယ်။ ထရမ့်ဟာ နယူးယောက် မြို့တော်ဝန် နေရာကို မမ်ဒါနီ မရစေချင်ကြောင်း အတိအလင်း သဘောထား ထုတ်ပြန် ပြောဆိုထားပြီးသားပါ။

မမ်ဒါနီဟာ နယူးယောက် မြို့တော်ဝန်အဖြစ် ရွေးကောက်ခံရတဲ့ ပထမဆုံး အာရှတောင်ပိုင်းအနွယ် မွတ်ဆလင်တစ်ဦးလည်း ဖြစ်လာပါတယ်။ သူ့ကို အိန္ဒိယအနွယ် မိဘတွေက ယူဂန္ဓာမှာ မွေးဖွားခဲ့ပြီး နောက်တော့ အမေရိကန် နိုင်ငံသား ဖြစ်လာခဲ့ပါတယ်။

မမ်ဒါနီဟာ လက်ဝဲယိမ်း ဆိုရှယ်လစ် အတွေးအခေါ်ရှိသူ တစ်ယောက်အဖြစ် လူသိများပါတယ်။ အရင်းရှင် ဘီလီယံနာ လုပ်ငန်းရှင်ကြီးတွေ၊ သူဌေးကြီးတွေက နယူးယောက် မြို့တော်ဝန် ရာထူးကို ထိန်းချုပ်ဖို့ အမြဲတမ်း ကြိုးစားခဲ့ကြပေမယ့် ဒီတစ်ကြိမ်မှာ မမ်ဒါနီက အောင်ပွဲခံခဲ့တာဟာ အံ့ဩစရာ ရလဒ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ကတော့ သူ့ရဲ့ ဇာတိဖြစ်တဲ့ နယူးယောက်မြို့မှာ ကွန်မြူနစ်တစ်ယောက် အာဏာရလာတော့မယ်လို့ နိုဝင်ဘာ ၅ ရက်နေ့တုန်းက မီယာမီမှာ ပြုလုပ်တဲ့ စီးပွားရေး ဆွေးနွေးပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ် ပါတီဟာ နယူးယောက်မှာ ကွန်မြူနစ် တစ်ယောက်ကို စင်တင်ပေးလိုက်ပြီလို့ သူက ဆိုပါတယ်။ ထရမ့်က သူ့အနေနဲ့တော့ နယူးယောက်မြို့ကို အမြဲတမ်း စည်ကား အောင်မြင်နေစေချင်ပါတယ်လို့လည်း ပြောပါတယ်။

ကွန်မြူနစ်တွေ၊ မက်စ်ဝါဒီတွေ၊ ဆိုရှယ်လစ်တွေနဲ့ ဂလိုဘယ်လစ်တွေမှာလည်း အခွင့်အရေးတွေတော့ ရှိကြကြောင်း၊ ဒါပေမဲ့ သူတို့တွေက ကပ်ဘေးတွေ၊ ပျက်စီးမှုတွေကလွဲရင် ဘာကိုမှ ယူဆောင်မပေးကြကြောင်း၊ ဒီတော့ နယူးယောက်မှာလည်း ကွန်မြူနစ်တစ်ယောက် ဘာတွေ ဆက်လုပ်မလဲ၊ တကယ်ရော အလုပ်ဖြစ်မလားဆိုတာ စောင့်ကြည့်ရုံသာရှိကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

ရွေးကောက်ပွဲ ရလဒ်မထွက်ခင်မှာ ထရမ့်က တကယ်လို့ မမ်ဒါနီသာ နယူးယောက် မြို့တော်ဝန် ဖြစ်လာမယ်ဆိုရင် ဖက်ဒရယ် အစိုးရက နယူးယောက်မြို့အတွက် ထောက်ပံ့နေတဲ့ ရန်ပုံငွေတွေကို အနိမ့်ဆုံး ပမာဏထိ လျှော့ချမယ်လို့ သတိပေးခဲ့ဖူးပါတယ်။

မမ်ဒါနီကတော့ ထရမ့်ဆီက ဒီလို ခြိမ်းခြောက်မှုတွေ ကျိန်းသေ ရောက်လာမယ်ဆိုတာ သဘောပေါက်ထားပြီးသားလို့ ဆိုပါတယ်။ သူ့အနေနဲ့ကတော့ နယူးယောက်မှာ ဘယ်လို နမူနာကောင်းတွေ ပြသနိုင်မလဲ ဆိုတာကိုပဲ တွေးတောနေကြောင်း၊ လူနေမှုစရိတ် ကြီးမားတဲ့ဒဏ်ကို မြို့ခံတွေ အလူးအလဲ ခံစားနေရတဲ့အပေါ် စကားတွေချည်း ပြောနေတာ မဟုတ်ဘဲ အပြောင်းအလဲတွေ တစ်ခုခု ဖန်တီးပေးချင်ကြောင်း၊ သူနဲ့ထရမ့်ကြား အဓိက ကွာတဲ့ အချက်ကလည်း အဲဒါပဲဖြစ်ကြောင်း မမ်ဒါနီက တုံ့ပြန်သွားပါတယ်။

ကိုးကား: Fox

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။