Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကိုမှာ အစ္စရေး သံအမတ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲချက်တွေကို အီရန် ငြင်းဆန်

မက္ကဆီကို နိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကို လုပ်ကြံဖို့ အီရန်က ကြံစည်ခဲ့ကြောင်း အစ္စရေးနဲ့ အမေရိကန် အစိုးရတွေက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

မက္ကဆီကို နိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကို လုပ်ကြံဖို့ အီရန်က ကြံစည်ခဲ့ကြောင်း အစ္စရေးနဲ့ အမေရိကန် အစိုးရတွေက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ အဲဒီ စွပ်စွဲချက်တွေကို အီရန်ဖက်ကတော့ ငြင်းဆိုထားပြီး တကယ့် မုသား အကြီးစားတွေလို့ တုံ့ပြန်ခဲ့ပါတယ်။

အစ္စရေးက သံအမတ်ကြီး အီနတ်ခရန့်ဇ် နိုင်ဂျာဟာ လုပ်ကြံသတ်ဖြတ်မှု ခံရမယ့် အခြေအနေမျိုး ကြုံခဲ့ပေမယ့် မက္ကဆီကို အာဏာပိုင်တွေက ကြားဝင် ကာကွယ်ပေးခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအတွက်လည်း မက္ကဆီကိုရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး အရာရှိတွေကို ကျေးဇူးတင်ကြောင်း၊ မက္ကဆီကို အာဏာပိုင်တွေဟာ အီရန်က ညွှန်ကြားနေပြီး အစ္စရေး သံအမတ်ကို တိုက်ခိုက်မယ့် အကြမ်းဖက် ကွန်ရက်တစ်ခုကို ဖယ်ရှား ရှင်းလင်းပေးခဲ့ကြောင်း အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ မက္ကဆီကို အစိုးရကတော့ ပြည်တွင်းမှာ အစ္စရေး သံအမတ်ကို အီရန်က လုပ်ကြံဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ကိစ္စကို သိရှိမထားကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ မက္ကဆီကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီအကြောင်းကို ဘာသတင်းပေးပို့မှုမှ မရခဲ့ပါဘူးလို့ နာရီပိုင်း အကြာမှာ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အစိုးရ အရာရှိ တစ်ဦးကတော့ အဲဒီကြံစည်မှုဟာ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်က ကိစ္စဖြစ်ပြီး အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ ထိပ်တန်း ယူနစ်ဖြစ်တဲ့ Qudsက စီမံခဲ့တာလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ်ထဲမှာတော့ အစီအစဉ် ပျက်ပြယ်သွားခဲ့တယ်လို့လည်း သူက ပြောပါတယ်။ အဲဒီ အစီအမံအတွက် အီရန်ရဲ့ မဟာမိတ် ဗင်နီဇွဲလားမှာရှိတဲ့ အီရန် သံရုံးကနေ လူစုခဲ့တယ်လို့လည်း အမည်မဖော်တဲ့ အဲဒီ အရာရှိက ပြောကြားခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံဆိုင်ရာ အီရန် သံရုံးကတော့ ဒီစွပ်စွဲချက်တွေကို ငြိမ်ခံမနေခဲ့ဘဲ တကယ့် အကြီးစား လိမ်လည်မှုကြီးလို့ ဝေဖန်ခဲ့ပါတယ်။ အခုလို မုသားမျိုးတွေရဲ့ ရည်ရွယ်ချက်က မက္ကဆီကိုနဲ့ အီရန်ကြားက ခင်မင်ရင်းနှီးပြီး သမိုင်းကြောင်း ရှည်ရှည်လျားလျား တည်တံ့ခဲ့တဲ့ ဆက်ဆံမှုကို ဖျက်ဆီးဖို့ အတွက်သာ ဖြစ်လိမ့်မယ်လို့ အီရန် သံရုံးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အစဉ်အလာအရ မက္ကဆီကိုဟာ နိုင်ငံတကာ အရေးတွေမှာ ဝင်မစွက်ဖက်ရေးမူကို ကိုင်ဆွဲခဲ့သလို ဂါဇာ ပဋိပက္ခနဲ့ ပတ်သက်လို့ အများကြီး သတိကြီးကြီးနဲ့ ချဉ်းကပ်တဲ့ မူဝါဒမျိုးကို ကျင့်သုံးခဲ့ပါတယ်။

အစ္စရေး သံအမတ်ကို လုပ်ကြံမယ့် အီရန်ရဲ့ အစီအစဉ်ကို ဘယ်လို ဟန့်တားနိုင်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ အစ္စရေးရော၊ အမေရိကန်ကပါ အထောက်အထား ခိုင်ခိုင်မာမာ မပြသခဲ့ပါဘူး။ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက်နေ့တုန်းက ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက်မြို့ထဲက အီရန် သံရုံးကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပြီး အီရန် တော်လှန်ရေး အစောင့်တပ်တွေ သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး အခုလို လက်တုံ့ပြန်ဖို့ အီရန်က ကြံစည်ခဲ့တာလို့ အစ္စရေးက စွပ်စွဲပါတယ်။

အစ္စရေးနဲ့ အီရန်တို့ဟာ အခုနှစ်လယ်မှာ ၁၂ ရက်ကြာ စစ်ရေးပဋိပက္ခကြီး တစ်ခုလည်း ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။