Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂရိမှာ ၃ လအတွင်း ငလျင် ၂၅၀၀၀ ကျော် လှုပ်ခတ်ခဲ့တဲ့ အကြောင်းရင်းကို ပညာရှင်တွေ အဖြေရှာ

နှစ်ဆန်းပိုင်းတုန်းက ဂရိမှာ ၃ လအတွင်း ငလျင်ပေါင်း ၂၅၀၀၀ ကျော် လှုပ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ရဲ့ အကြောင်းရင်းကို သိပ္ပံပညာရှင်တွေက စူးစမ်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

နှစ်ဆန်းပိုင်းတုန်းက ဂရိမှာ ၃ လအတွင်း ငလျင်ပေါင်း ၂၅၀၀၀ ကျော် လှုပ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ရဲ့ အကြောင်းရင်းကို သိပ္ပံပညာရှင်တွေက စူးစမ်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဲဒီငလျင်တွေဟာ ဂရိနိုင်ငံရဲ့ ဆန်တိုရီနီ ကျွန်းတဝိုက်ကိုပဲ ဗဟိုပြုပြီး ဆက်တိုက် လှုပ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အကြိမ်ရေကတော့ ၃ လအတွင်းမှာ ၂၅၀၀၀ လောက်ထိ ရှိခဲ့ပြီး အရှေ့မြောက်ဖက်နဲ့ အနောက်တောင်ဖက် သွယ်တန်းနေတဲ့ မြေအောက် မြေလွှာအက်ကြောင်းကြီး တလျှောက် ကီလိုမီတာ ၂၀ လောက်မှာ လှုပ်ခတ်နေခဲ့တာလို့ သိရပါတယ်။

သိပ္ပံပညာရှင်တွေဟာ ရုပ်ပိုင်းဆိုင်ရာ စူးစမ်းမှုတွေရော၊ ဉာဏ်ရည်တု နည်းပညာ အသုံးပြု တိုင်းတာ တွက်ချက်မှုတွေကိုပါ အသုံးပြုပြီး ငလျင်တွေရဲ့ ဖြစ်စဉ်နဲ့ သဘောသဘာဝကို လေ့လာခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဒီလို ငလျင်တွေ အမြောက်အမြား လှုပ်ခတ်ခဲ့တာဟာ မြေအောက် ကျောက်ရည်ပူတွေ စိမ့်ထွက်မှု ဖြစ်စဉ်ကြောင့် ဆိုတာကို အဖြေထုတ်နိုင်ခဲ့ပါတယ်။

ဦးဆောင် သုတေသီ တစ်ဦးဖြစ်တဲ့ ဒေါက်တာ စတီဖန်ဟစ်ခ်က ဒီတွေ့ရှိချက်ဟာ မီးတောင် ပေါက်ကွဲမှုတွေကို ကြိုတင် မှန်းဆတဲ့ အခါမှာ ထိရောက် အားကောင်းတဲ့ အကူအညီမျိုး ပေးစွမ်းနိုင်လိမ့်မယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ရေအောက်မီးတောင် လှုပ်ရှားမှုတွေဟာ ဆန်တိုရီနီ၊ အေမော်ဂို့စ်၊ အေနာဖီစတဲ့ ဂရိကျွန်းတွေနားမှာ ဇန်နဝါရီလက စတင်ခဲ့တာ ဖြစ်ပါတယ်။ အကြိမ်ရေ သောင်းနဲ့ချီတဲ့ ငလျင်တွေထဲက အတော်များများဟာ ပြင်းအားအဆင့် မဂ္ဂနီကျု ၅.၀ အကျော်ထိ ရောက်ရှိခဲ့ပါတယ်။ ဒါကြောင့် ဒေသခံတွေ အနေနဲ့ လှုပ်ရှားယိမ်းထိုးမှုကို သိသိသာသာ ခံစားခဲ့ကြရပါတယ်။

ဆန်တိုရီနီဟာ လာရောက် အပန်းဖြေတဲ့ ကမ္ဘာလှည့် ခရီးသည်တွေကြားမှာ ထင်ရှားတဲ့ နေရာတစ်ခု ဖြစ်ပေမယ့် မရပ်မနား လှုပ်နေတဲ့ ငလျင်တွေကြောင့် ဧည့်သည်တွေပါ ထွက်ပြေးကုန်ပါတယ်။ နောက်ပြီး အနီးမှာရှိတဲ့ ကိုလွမ်ဘို ရေအောက် မီးတောင် ပေါက်ကွဲလာမှာကိုပါ ဒေသခံတွေက စိုးရိမ်ခဲ့ပါတယ်။ အဲဒီမီးတောင်ဟာ ၁၉၅၆ ခုနှစ်တုန်းက တစ်ကြိမ် ပေါက်ကွဲခဲ့ပြီး မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့ဖူးပါတယ်။

ငလျင်တွေ လှုပ်ရှားမှုကို ဆန်းစစ် လေ့လာခဲ့တဲ့ ပညာရှင်တွေကတော့ ကျွန်းစုတွေ တဝိုက်က ရေအောက်ကြမ်းပြင် အနေအထားကိုပါ 3D သုံးဖက်မြင် ရုပ်လုံးကြွ ပုံရိပ်တွေ ရိုက်ကူးပြီး ဆန်းစစ်ကြည့်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ကိုလွမ်ဘို ရေအောက်မီးတောင်နဲ့ ဆန်တိုရီနီ ကျွန်းကြား ရေအောက် ကျောက်လွှာ ရွေ့လျားမှုတွေက ငလျင်တွေ ဖြစ်ပွားမှုရဲ့ ပင်မ အကြောင်းတရား ဆိုတာကို ခြေရာခံနိုင်ခဲ့ပါတယ်။

သုံးလအတွင်း အဲဒီနေရာကနေ စိမ့်ထွက်ခဲ့တဲ့ ကျောက်ရည်ပူတွေရဲ့ ပမာဏဟာ အိုလံပစ် ရေကူးကန်ပေါင်း ၂ သိန်းလောက်ကို ဖြည့်ဖို့ လုံလောက်နိုင်တယ်လို့ ဦးဆောင် သုတေသီ နောက်တစ်ဦးဖြစ်တဲ့ အန်သိုနီ လိုမက်စ်က ဆိုပါတယ်။

လက်ရှိမှာတော့ ကျောက်ရည်ပူ စီးထွက်မှုတွေ ရပ်တန့်သွားပြီး ငလျင်တွေလည်း ငြိမ်သက်နေပါတယ်။ ကျောက်ရည်ပူ စီးထွက်မှုတွေဟာလည်း ရေအနက် ၈ ကီလိုမီတာလောက်ရဲ့ အောက်ခြေဖက်မှာ ဖိနှိပ် ခံထားရလို့ နောက်ထပ် ငလျင်တွေ အမြောက်အမြား လှုပ်ခတ်တာမျိုး ထပ်ဖြစ်နိုင်ခြေ လောလောလတ်လတ် မရှိနိုင်တော့ဘူးလို့ လိုမက်စ်က မှတ်ချက်ပေးခဲ့ပါတယ်။

ဒါပေမဲ့ မီးတောင်လှုပ်ရှားမှုတွေ ဆိုတာက ခန့်မှန်းရ ခက်သလို တစ်ခါတလေ နှစ်တွေနဲ့ချီ လှုပ်ရှား အသက်ဝင်နေတတ်ကြောင်း၊ အိုက်စ်လန်ကျွန်း အနောက်တောင်ဖက် ကမ်းလွန်မှာ လက်ရှိ ကြုံနေတဲ့ အခြေအနေတွေက အဲဒီ ယူဆချက် မှန်ကန်ကြောင်း ညွှန်ပြနေကြောင်း ဟစ်ခ်က ပြောပါတယ်။

ဆန်တိုရီနီ မီးတောင် လှုပ်ရှားမှုတွေကို တွက်ဆ အဖြေရှာရာမှာတော့ AI အထောက်အပံ့ကိုပါ ထည့်သွင်း အသုံးပြုခဲ့ပြီး အခုတွေ့ရှိချက်တွေဟာ ကမ္ဘာအနှံ့က မီးတောင်လှုပ်ရှားမှု ထူထပ်ရာ ဒေသတွေက ပြည်သူတွေကို ကြိုတင် ကာကွယ်ရာမှာ အကူအညီ ဖြစ်လာစေမယ်လို့ ယုံကြည်ကြောင်းလည်း ဟစ်ခ်က မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗင်နီဇွဲလားမှာ အတွဲလိုက် လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြီး နှစ်ခုအပြီး သေဆုံးသူ အရေအတွက်ဟာ ၂၃၅ ဦးထက်မနည်း ရှိလာသလို ကယ်ဆယ်ရေးတွေကလည်း ပျောက်ဆုံးနေသူတွေကို အပူတပြင်း ကြိုးစား ရှာဖွေနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

အင်အားပြင်းထန်လှတဲ့ ငလျင်ကြီးနှစ်ခု အတွဲလိုက် လှုပ်ခတ်သွားတဲ့နောက် ဗင်နီဇွဲလား နိုင်ငံမှာ ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။