Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပြန်အလှန် ထိုးနှက်မှုတွေကို မေ့ဖျောက်ပြီး တရင်းတနှီး တွေ့ဆုံခဲ့တဲ့ ထရမ့်နဲ့ နယူးယောက် မြို့တော်ဝန်လောင်း

အပြုသဘောဆန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုအပြီး သူတို့နှစ်ဦးကြားမှာအပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်နိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ နယူးယောက် မြို့တော်ဝန် ရွေးကောက်ပွဲ အနိုင်ရထားသူ ဇိုဟ်ရန် မမ်ဒါနီတို့က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အပြုသဘောဆန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုအပြီး သူတို့နှစ်ဦးကြားမှာအပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်နိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ နယူးယောက် မြို့တော်ဝန် ရွေးကောက်ပွဲ အနိုင်ရထားသူ ဇိုဟ်ရန် မမ်ဒါနီတို့က ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ နိုဝင်ဘာ ၂၁ ရက်နေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ထရမ့်နဲ့ မမ်ဒါနီတို့ဟာ အပြန်အလှန် ထိုးနှက် ဝေဖန်မှုတွေ ရှိခဲ့ကြပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ မျက်နှာဆုံညီ တွေ့ဆုံမှုဟာ အများထင်ထားတာထက် အများကြီး ချောမော ပြေပြစ်ခဲ့ပါတယ်။

မမ်ဒါနီဟာ နယူးယောက် မြို့တော်ဝန် ရွေးကောက်ပွဲမှာ အနိုင်ရဖူးတဲ့ ပထမဆုံး မွတ်ဆလင်တစ်ဦး၊ ပထမဆုံး အာရှတောင်ပိုင်း နွယ်ဖွားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ထရမ့်က မမ်ဒါနီကို အစွန်းရောက် ဂျီဟတ်ဝါဒီ တစ်ယောက်လို့ ပုတ်ခတ်ခဲ့ဖူးသလို သူ့ရဲ့ အမေရိကန် နိုင်ငံသား အသိအမှတ် ပြုမှုကိုပါ ဖယ်ရှားပစ်မယ်လို့ ခြိမ်းခြောက်ဖူးပါတယ်။ ဒါပေမဲ့ လူချင်းတွေ့ချိန်မှာတော့ ထရမ့်က မမ်ဒါနီရဲ့ မြို့တော်ဝန် ရွေးကောက်ပွဲ အောင်မြင်မှုကို ချီးကျူးခဲ့ပါတယ်။

သူတို့ချင်း တွေ့ဖြစ်ခဲ့တာက တကယ့်ကို ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုး ဖြစ်ခဲ့ကြောင်း၊ သူတို့ နှစ်ယောက်စလုံးမှာ တူညီတဲ့ စိတ်ဆန္ဒ တစ်ခုရှိပြီး အဲဒါကတော့ နယူးယောက်မြို့ရဲ့ ကောင်းကျိုးကို လိုလားကြခြင်းဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။ ထရမ့်ဟာ နယူးယောက်မှာ ကြီးပြင်းခဲ့သူပါ။ သူက ရွေးကောက်ပွဲဟာ မမ်ဒါနီအတွက် လွယ်ကူတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ခဲ့ပြီး ပြိုင်ဘက်ကို အသာအယာ အနိုင်ယူနိုင်ခဲ့တယ်လို့လည်း ချီးကျူးခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာတော့ ထရမ့်ဟာ မမ်ဒါနီရဲ့ ပြိုင်ဘက်ကို ထောက်ခံကြောင်း အတိအလင်း ကြေညာဖူးပါတယ်။

Public Service Announcement

Public Service Announcement

သူက မမ်ဒါနီကို ဂုဏ်ပြုလိုကြောင်း၊ ပါတီစွဲနဲ့ ပုဂ္ဂိုလ်စွဲတွေ မပါဘဲ နယူးယောက်မြို့ရဲ့ ကောင်းကျိုးအတွက် မမ်ဒါနီကို ပျော်ပျော်ရွှင်ရွှင် ကူညီသွားလိုကြောင်းလည်း ပြောပါတယ်။ အရင်ကတော့ ထရမ့်ဟာ မမ်ဒါနီသာ နယူးယောက် မြို့တော်ဝန် ဖြစ်လာရင် ဖက်ဒရယ် အစိုးရဆီက ပေးပို့တဲ့ အကူအညီတွေကို အနည်းဆုံး အဆင့်ထိ လျှော့ချမယ်လို့ ခြိမ်းခြောက်ဖူးပါတယ်။ ဒါပေမဲ့ နှစ်ဦး တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ထရမ့်က အဲဒီ စကားတွေကို ပြန်လည် ရုပ်သိမ်းတဲ့ အဓိပ္ပါယ်မျိုး ပြောကြားသွားခဲ့ပါတယ်။

မမ်ဒါနီကလည်း သမ္မတနဲ့ တွေ့ခွင့်ရတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ သမ္မတကြီး ပြောသလိုပဲ သူတို့နှစ်ဦးစလုံး လေးစားတဲ့၊ ချစ်မြတ်နိုးတဲ့ နယူးယောက်မြို့အတွက် ဦးတည်ပြီး ဆွေးနွေး ပြောဆိုခဲ့ကြတဲ့နောက် ဆွေးနွေးမှုတွေက အပြုသဘော ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ် ပါတီဝင် တစ်ဦးဖြစ်တဲ့ မမ်ဒါနီဟာ ထရမ့်ကို ဖက်ဆစ် တစ်ဦးလို့ ခေါ်ဝေါ်ခဲ့ဖူးပါတယ်။ အဲဒီကိစ္စကို သတင်းထောက် တစ်ယောက်က မေးလို့ မမ်ဒါနီ အဖြေခက်နေချိန်မှာ ထရမ့်က သူ့လက်မောင်းကို ပုတ်ရင်း ဟုတ်မှန်ကြောင်း ဖြေလို့ရပါတယ်လို့ ပြောခဲ့ပါတယ်။ မမ်ဒါနီကလည်း သူပြောခဲ့ဖူးတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

ထရမ့်ဟာ မမ်ဒါနီကို သတင်းထောက်တွေက အငိုက်ဖမ်းတဲ့ မေးခွန်းမျိုးတွေမှာလည်း မကြာခဏ ကြားဝင် ကာကွယ်ပေးခဲ့ပါတယ်။ သူက မမ်ဒါနီ အနေနဲ့ တကယ့်ကို ထူးကဲကောင်းမွန်တဲ့ မြို့တော်ဝန် တစ်ဦး ဖြစ်လာဖို့ မျှော်လင့်ကြောင်း၊ မမ်ဒါနီ အောင်မြင်လေလေ၊ သူပျော်ရွှင်လေလေ ဖြစ်မှာ သေချာနေပြီး မမ်ဒါနီကိုလည်း ကူညီပေးသွားမယ်ဆိုတာ ကတိပေးကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: ABC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဥရောပဟာ အားနည်းနုံချာပြီး ဆွေးမြေ့ ပျက်စီးလာနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

အပစ်ရပ် သဘောတူညီထားမှုကို ဆက်ပြီး လေးစား လိုက်နာပေးကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကို အမေရိကန် အစိုးရက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမျိုးသား လုံခြုံရေး မဟာဗျူဟာ မူဝါဒ အသစ်ဟာ ရုရှားရဲ့ သဘောထား အမြင်၊ အတွေးအခေါ်တွေနဲ့ အများကြီး ကိုက်ညီကြောင်း ရုရှား အစိုးရက ချီးကျူး ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကြိုတင်ပြီး သတင်းထွက်နေတဲ့အတိုင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ပထမဆုံးအကြိမ် ချီးမြှင့်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရရှိသွားပါတယ်။

Facebook