စစ်ပွဲ ရပ်စဲရေးအတွက် အမေရိကန်က ယူကရိန်းဆီ ပေးပို့ထားတဲ့ အဆိုပြုချက်တွေဟာ နောက်ဆုံး အပြီးသတ်အဆင့် မဟုတ်သေးဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။
ထရမ့်ဟာ ရုရှားနဲ့ ဆွေးနွေးပြီး သူကလည်း လက်ခံထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ပါ အဆိုပြုချက် ၂၈ ချက်ကို ယူကရိန်းဆီ ပေးပို့ထားပါတယ်။ အဲဒီ အချက်တွေထဲမှာ နယ်မြေတွေ လက်လွှတ်ဆုံးရှုံး ခံရတာ အပါအဝင် ယူကရိန်းအတွက် နစ်နာမှု ကြီးမားစေမယ့် ကိစ္စတွေလည်း ပါဝင်နေပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ သူ့ဆီကို ရောက်နေတဲ့ အဲဒီ အဆိုပြုချက်တွေဟာ နိုင်ငံကို အခက်ခဲဆုံး အခြေအနေ တစ်ခုဆီ တွန်းပို့နေကြောင်း လူထုဆီ လိပ်မူတဲ့ မိန့်ခွန်းထဲမှာ ဝန်ခံ ပြောကြားထားပါတယ်။ အဆိုပြုချက်တွေကို လက်ခံလိုက်ရင် ယူကရိန်းရဲ့ ဂုဏ်သိက္ခာနဲ့ လွတ်လပ်ခွင့်တွေ အပြီးတိုင် ဆုံးရှုံးသွားပြီး ငြင်းပယ်ရင်လည်း အမေရိကန်လို အဓိက မိတ်ဖက် နိုင်ငံမျိုးကို ဆုံးရှုံးရမှာ ဖြစ်တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။
ထရမ့်က ပေးပို့ထားတဲ့ အဆိုပြုချက်တွေထဲမှာ ယူကရိန်းဟာ နယ်မြေ အများအပြား စွန့်လွှတ်ဖို့၊ NATO စစ်မဟာမိတ် အဖွဲ့ဝင် ဖြစ်ခွင့်ကို အပြီးတိုင် မေ့ပစ်ဖို့၊ စစ်အင်အားကို ကန့်သတ် လျှော့ချဖို့ ဆိုတာတွေ ပါဝင်နေပါတယ်။

Public Service Announcement
နိုဝင်ဘာ ၂၂ ရက်နေ့မှာတော့ ဥရောပ နိုင်ငံတွေ၊ ကနေဒါနဲ့ ဂျပန်တို့လို အမေရိကန် မဟာမိတ်တွေက အဲဒီ အဆိုပြုချက်တွေထဲမှာ မျှတပြီး ငြိမ်းချမ်းရေးကို အဓွန့်ရှည်စေမယ့် အစီအမံတွေ ပါဝင်ပေမယ့် အပြီးသတ်ရမယ့် အပိုင်းတွေ ရှိနေသေးတယ်လို့ မယုတ်မလွန် ပြောကြားထားပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန်တို့ရဲ့ လုံခြုံရေး အရာရှိတွေဟာ ဒီကိစ္စအတွက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားကြပါတယ်။ အဲဒီဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုနဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်တို့ တက်ရောက်မှာပါ။
လက်ရှိ အချက် ၂၈ ချက်ပါ ကမ်းလှမ်းချက်ကို ပေးပို့ထားတဲ့ ထရမ့်က ယူကရိန်းကို နိုဝင်ဘာ ၂၇ ရက်နေ့ မတိုင်ခင် အကြောင်းပြန်ဖို့ အသိပေးထားပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ အဲဒီ အဆိုပြုချက်တွေဟာ ပြဿနာကို ပြေငြိမ်းစေဖို့ အခြေခံကောင်း ဖြစ်လာနိုင်တယ်လို့ ပြောကြားထားပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့တုန်းက အိမ်ဖြူတော်မှာ သတင်းထောက်တွေက ယူကရိန်းဆီ ရောက်နေတာဟာ သူ့ရဲ့ နောက်ဆုံးအဆင့် အဆိုပြုမှုလားလို့ မေးတဲ့အခါ ထရမ့်က ငြင်းဆန်ခဲ့ပြီး နောက်ဆုံးကမ်းလှမ်းချက် မဟုတ်သေးကြောင်း တုံ့ပြန်သွားပါတယ်။
ဘာပဲဖြစ်ဖြစ် စစ်ပွဲကိုတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ အဆုံးသတ်ရမှာဖြစ်ပြီး အဲဒီအတွက်လည်း အမေရိကန်က ကြိုးစားပေးနေတယ်လို့ ထရမ့်က ပြောပါတယ်။
တစ်ဖက်မှာတော့ နိုဝင်ဘာ ၂၂ ရက်နေ့တုန်းက တောင်အာဖရိကမှာ ပြုလုပ်ခဲ့တဲ့ G20 ညီလာခံမှာ ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ စပိန်၊ ဗြိတိန်၊ စပိန်၊ ဂျာမနီ၊ နော်ဝေးနဲ့ ဥရောပ သမဂ္ဂ ထိပ်ပိုင်း အရာရှိတွေ ပူးတွဲ ကြေညာချက် ထုတ်ပြန်ရာမှာ လက်ရှိ အမေရိကန်ရဲ့ အဆိုပြုချက်ဟာ အပြီးသတ်ရမယ့် အပိုင်းတွေ ရှိနေသေးကြောင်း ထောက်ပြထားပါတယ်။ နိုင်ငံတွေရဲ့ နယ်နိမိတ်ကို အင်အားသုံး တိုက်ခိုက်ပြီး ပြောင်းလဲတာမျိုး လုံးဝ ဖြစ်လို့ မရကြောင်း၊ ပြီးတော့ ယူကရိန်းရဲ့ တပ်အင်အားကို ကန့်သတ်ခံရခြင်းက အနာဂတ် ကျူးကျော်မှုတွေ ထပ်ကြုံလာရင် ယူကရိန်းမှာ ခုခံနိုင်စွမ်း အားနည်းနေလိမ့်မယ်လို့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းထားပါတယ်။
ကျယ်ကျယ်ပြန့်ပြန့် ပေါက်ကြားနေတဲ့ အဆိုပြုချက် ၂၈ ချက်ထဲမှာတော့ ယူကရိန်းဟာ နိုင်ငံအရှေ့ပိုင်း ဒွန်းညက်စ်ခ် ဒေသကနေ အပြီးတိုင် ဆုတ်ခွာပေးရပြီး ခရိုင်းမီးယား၊ လူဟန့်စ်ခ်နဲ့ ဒွန်းညက်စ်ခ်တို့ကို ရုရှားရဲ့ ပိုင်နက်အဖြစ် နိုင်ငံတကာက အသိအမှတ် ပြုရမယ် ဆိုတာမျိုးတွေ ပါရှိနေပါတယ်။ အပြန်အလှန်အဖြစ် ယူကရိန်းဟာ ယုံကြည်စိတ်ချရလောက်တဲ့ လုံခြုံရေး အာမခံချက်တွေ ရရှိလာမယ်လို့ အဆိုပြုချက်ထဲမှာ ပါရှိပေမယ့် အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။
ကိုးကား: BBC
















































