Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ တောင်းဆိုမှုတွေကို အခြေခံပြီး ထရမ့်ရဲ့ စစ်ရပ်စဲရေး အဆိုပြုချက်အဖြစ် ယူကရိန်းဆီ ပေးပို့ခဲ့တာလို့ဆို

စစ်ရပ်စဲရေးအတွက် အမေရိကန်က ထောက်ခံတဲ့ အဆိုပြုချက်တွေဆိုပြီး ယူကရိန်းဆီကို ပေးပို့ခဲ့တာတွေဟာ ရုရှားရဲ့ တောင်းဆိုချက်တွေကို ပြန်လည် ကိုးကားထားတာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ - Reuters

စစ်ရပ်စဲရေးအတွက် အမေရိကန်က ထောက်ခံတဲ့ အဆိုပြုချက်တွေဆိုပြီး ယူကရိန်းဆီကို ပေးပို့ခဲ့တာတွေဟာ ရုရှားရဲ့ တောင်းဆိုချက်တွေကို ပြန်လည် ကိုးကားထားတာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ရပ်စဲစေဖို့ သူ့အစိုးရက ကြားဝင် ညှိနှိုင်းပေးတဲ့ တောင်းဆိုချက် ၂၈ ချက် ဆိုတာကို ယူကရိန်းဆီ ပေးပို့ခဲ့ပါတယ်။

အဲဒီအချက်တွေထဲမှာ ယူကရိန်းရဲ့ နယ်မြေတွေကို စွန့်လွှတ်ဖို့၊ တပ်အင်အားကို ၆ သိန်းသာ ကန့်သတ်ထားရှိဖို့၊ NATO စစ်မဟာမိတ် အဖွဲ့ထဲ ဝင်ရောက်ဖို့ မျှော်လင့်ချက်ကို အပြီးစွန့်လွှတ်ဖို့၊ နျုကလီးယားလက်နက်တွေ ပိုင်ဆိုင်ရေး ဘယ်တော့မှ မကြိုးစားဖို့ ဆိုတာတွေ ပါဝင်ခဲ့ပါတယ်။ ထရမ့်က သဘောတူထားတယ်ဆိုတဲ့ အဲဒီ အချက်အလက်တွေ ပေါက်ကြားလာချိန်မှာ ရုရှားဖက်ကို သိသိသာသာ အလေးပေးထားကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ယူကရိန်းက အဆိုပြုချက် တချို့ကို ပြန်လည်ပြင်ဆင်ပြီး အမေရိကန်ဆီ ပြန်ပို့ထားတယ်လို့ သိရပါတယ်။ ပြန်ပြင်ထားတဲ့ အဆိုနဲ့ ပတ်သက်လို့တော့ ရုရှားက လက်ခံမလားဆိုတာ မသေချာသေးပါဘူး။

Public Service Announcement

Public Service Announcement

အခု သီတင်းပတ်မှာတော့ အမေရိကန် အစိုးရ သတင်းရင်းမြစ် သုံးခုလောက်က မှတ်ချက်ပေးခဲ့ရာမှာ ယူကရိန်းဆီ ကနဦး ပို့ဆောင်ခဲ့တဲ့ အဆိုပြုချက် ၂၈ ခု ဆိုတာဟာ အောက်တိုဘာလတုန်းက ရုရှားက အမေရိကန်ဆီ ပေးပို့ထားတဲ့ တောင်းဆိုမှုတွေထဲက ထုတ်နုတ်ထားတာတွေ ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။

ရုရှားရဲ့ တောင်းဆိုချက်တွေကို non-paper မှတ်တမ်းတွေလို့ ခေါ်ဝေါ်ပြီး တစ်နည်းအားဖြင့် စစ်ပွဲကို အဆုံးသတ်စေချင်ရင် ယူကရိန်းက ဘာတွေ လိုက်လျောရမလဲ ဆိုတာကို ရုရှားဖက်က တောင်းဆိုထားတာတွေပါ။ အဲဒီ non-paper တောင်းဆိုချက်တွေထဲမှာ ယူကရိန်းက ကြိုတင် ငြင်းဆိုထားပြီးသား ကိစ္စတချို့ ပါဝင်နေပါတယ်။

အမေရိကန် အစိုးရက ယူကရိန်းဆီ လက်လွှဲပေးခဲ့တဲ့ စစ်ရပ်စဲရေး အဆိုတွေထဲမှာ non-paperရဲ့ အချက်အလက်တွေကို ထည့်သွင်းထားတယ် ဆိုတာ အခုအခါ ပထမဆုံးအကြိမ် အတည်ပြုချက် ထွက်ပေါ်လာတာပါ။ ဒါပေမဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ ရုရှားနဲ့ ယူကရိန်း သံရုံးတွေကတော့ ဒီသတင်းအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အိမ်ဖြူတော်ကလည်း နှုတ်ဆိတ်နေဆဲပါ။

ထရမ့်အနေနဲ့ စစ်ပွဲကို ရပ်ဆိုင်းစေဖို့ ကြားဝင် စေ့စပ်ပေးရာမှာ ဘာကြောင့် ရုရှားဖက်က တင်သွင်းတဲ့ အဆိုတွေကို သူလက်ခံထားတဲ့ အကြံပြုချက်တွေအဖြစ် ရည်ညွှန်းပြီး ယူကရိန်းဆီ ပေးပို့ခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရုရှားရဲ့ တောင်းဆိုမှု အများစုဟာ ယူကရိန်းအတွက် လက်ခံပေးဖို့ ခက်လိမ့်မယ် ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရို အပါအဝင် အစိုးရ အရာရှိ တော်တော်များများက သဘောပေါက်ထားပြီး ဖြစ်ပါတယ်။

ထရမ့်က ယူကရိန်းဆီ ပေးပို့တဲ့ အကြံပြုချက် ၂၈ ခုက လူသိရှင်ကြား ပေါက်ကြားလာတဲ့ အခါမှာတော့ တကယ်တမ်း အလုပ်ဖြစ်ပါ့မလား ဆိုတာကို သံသယနဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိလာပါတယ်။

ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက် အမေရိကန် အစိုးရဟာ မူလ အဆိုပြုချက်တွေထဲက ၉ ခုလောက်ကို ပြန်လည် ရုပ်သိမ်း ဖယ်ရှားဖို့ ယူကရိန်းနဲ့ ဆွေးနွေး သဘောတူခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် လွှတ်တော်ထဲက ဘက်မလိုက် အင်အားစု တချို့ကလည်း ထရမ့်ရဲ့ ကနဦး အဆိုတွေဟာ ရုရှားဖက်က ဖြစ်ချင်တာ မှန်သမျှကို စာရင်းလုပ်ပေးထားတာနဲ့ တူနေတယ်လို့ ရူဘီရိုကို ပြောဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာ ပြန်ပြင်ထားတဲ့ အဆိုမူကြမ်းကိုတော့ လက်ခံနိုင်ခြေ ရှိတယ်လို့ ယူကရိန်း အစိုးရ အရာရှိတွေက ပြောကြားထားပေမယ့် နယ်မြေတွေ စွန့်လွှတ်ရေး အပါအဝင် ထိလွယ်ရှလွယ် ကိစ္စတချို့နဲ့ ပတ်သက်ရင်တော့ ယူကရိန်း သမ္မတ ဇီလန်စကီးကိုယ်တိုင် ထရမ့်နဲ့ လူချင်းတွေ့ဆုံ ဆွေးနွေးပြီးမှ အတည်ပြု ဆုံးဖြတ်နိုင်လိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။