Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖီဖာရဲ့ ပထမဆုံးအကြိမ် ပေးအပ်တဲ့ ငြိမ်းချမ်းရေးဆုကို ထရမ့်ရရှိ

ကြိုတင်ပြီး သတင်းထွက်နေတဲ့အတိုင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ပထမဆုံးအကြိမ် ချီးမြှင့်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရရှိသွားပါတယ်။

ဓာတ်ပုံ - Getty Images

ဒီဇင်ဘာ – ၆ ၊၂၀၂၅

ကြိုတင်ပြီး သတင်းထွက်နေတဲ့အတိုင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ပထမဆုံးအကြိမ် ချီးမြှင့်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရရှိသွားပါတယ်။

အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲအတွက် ပွဲစဉ် မဲခွဲမှုတွေကို ဒီဇင်ဘာ ၅ ရက်နေ့က ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အခမ်းအနား မစတင်ခင်မှာ ဖီဖာရဲ့ ဥက္ကဋ္ဌဖြစ်သူ ဂီယန်နီ အင်ဖန်တီနိုက ထရမ့်ကို အခုနှစ်မှ ပထမဆုံးအကြိမ် စတင်သတ်မှတ်တဲ့ ဖီဖာ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဖီဖာက ဒီဆုဟာ ငြိမ်းချမ်းရေးအတွက် သူမတူအောင် ထူးထူးကဲကဲ စွမ်းဆောင်ခဲ့တဲ့၊ တစ်ကမ္ဘာလုံးက ပြည်သူတွေကို စုစည်းပေးနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ရည်ရွယ်ပေးအပ်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်ဖန်တီနိုနဲ့ ထရမ့်တို့ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အခမ်းအနား တချို့မှာ အတူတွဲ တက်ရောက်ခဲ့ပြီး လက်ပွန်းတတီး ရှိခဲ့ကြပါတယ်။ ဖီဖာက ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆု ချီးမြှင့်မယ် ဆိုကတည်းက ထရမ့်ပဲ အဲဒီဆုကို ရလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ပြီးသား ဖြစ်ပါတယ်။

ပြီးတော့ ဆုရွေးချယ်တဲ့ အဖွဲ့မှာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ ခရိုနီ သူဌေးကြီး၊ ပြီးတော့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော် ပါဝင်နေတာနဲ့ ပတ်သက်လို့လည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ထရမ့်ဟာ ရွှေသားရုပ်တုတစ်ခု၊ ရွှေသား လည်ဆွဲတစ်ခု၊ အင်ဖန်တီနိုက ပေးအပ်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို လက်ခံရရှိခဲ့ပါတယ်။ ဆုကို လက်ခံယူပြီးတဲ့အချိန် မိန့်ခွန်းပြောရာမှာတော့ ထရမ့်က သူဟာ သံတမန်ရေးရာ ကြားဝင်မှုတွေကနေ လူ့အသက် သန်းပေါင်းများစွာကို ကယ်တင်ခဲ့တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ပွဲတွေကို မစတင်ခင် ကတည်းက သူက တားဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဖီဖာက ပေးတဲ့ဆုကို ရရှိတာဟာ သူ့ဘဝမှာ အထူးခြားဆုံး ဂုဏ်ပြုမှုတွေထဲက တစ်ခုဖြစ်တယ်လို့လည်း ထရမ့်က ပြောကြားသွားပါတယ်။

သူက အင်ဖန်တီနိုဟာလည်း သူ့အလုပ်မှာ ထူးထူးကဲကဲတွေ စွမ်းဆောင်ပြနေတယ်လို့ ချီးကျူးခဲ့ပြီး သူရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ စွမ်းဆောင်မှုတွေဟာ အင်ဖန်တီနိုနဲ့ ဘောလုံး အားကစားကို လေးစား ဂုဏ်ပြုတဲ့ အဓိပ္ပါယ်လည်းဖြစ်ကြောင်း ဆက်ပြီး ပြောပါတယ်။

ထရမ့်ဟာ သူ့ရဲ့ မိန့်ခွန်းအပြီးမှာတော့ မဲခွဲမှုတွေမှာ ပါဝင်ဖို့ ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေး၊ မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်ဘွမ်းတို့နဲ့အတူ စင်မြင့်ပေါ် နောက်တစ်ကြိမ် ပြန်တက်လာခဲ့ပါသေးတယ်။ မဲနှိုက်ရွေးချယ်မှုတွေ အပြီးမှာတော့ နိုင်ငံခေါင်းဆောင် သုံးယောက်ဟာ အင်ဖန်တီနိုနဲ့အတူ selfie ဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။

ထရမ့်က အမေရိကန်မှာ ဘောလုံးအားကစားကို footballလို့ မခေါ်ဘဲ soccerလို့ ခေါ်ဝေါ်နေတာနဲ့ ပတ်သက်ပြီး ပြန်စဉ်းစားရတော့မယ်လို့လည်း အရွှန်းဖောက်ခဲ့ပါတယ်။ အမေရိကန် ဘောလုံး အားကစားနည်းကို footballလို့ ခေါ်ဝေါ်နေခဲ့ပေမယ့် အခုတော့ တခြားနာမည်အသစ် ရှာရတော့မယ်လို့ သူထင်ကြောင်း၊ ဘောလုံးအားကစားရဲ့ တကယ့်နာမည်ဟာ footballဖြစ်ပြီး အမေရိကန်မှာပဲ soccerလို့ ခေါ်နေတာဖြစ်ကြောင်း၊ ဒါက အဓိပ္ပါယ် သိပ်မရှိကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။