Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်စစ်တပ် ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ စစ်ဆေးခံရမှုကို စစ်တပ်သတင်းစာ ထောက်ခံ

ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို အဂတိ ကိစ္စအတွက် ဖော်ထုတ် စစ်ဆေးမှုတွေ လုပ်ဆောင်နေတာဟာ စစ်တပ်ရဲ့ ကောင်းကျိုးအတွက်သာ ဖြစ်တယ်လို့ တရုတ် အစိုးရ ထိန်းချုပ်ထားတဲ့ စစ်တပ်အာဘော် သတင်းစာက ဖော်ပြခဲ့ပါတယ်။

ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို အဂတိ ကိစ္စအတွက် ဖော်ထုတ် စစ်ဆေးမှုတွေ လုပ်ဆောင်နေတာဟာ စစ်တပ်ရဲ့ ကောင်းကျိုးအတွက်သာ ဖြစ်တယ်လို့ တရုတ် အစိုးရ ထိန်းချုပ်ထားတဲ့ စစ်တပ်အာဘော် သတင်းစာက ဖော်ပြခဲ့ပါတယ်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA)ရဲ့ ရာထူးအကြီးဆုံး စစ်ဗိုလ်ချုပ်ကြီးဖြစ်တဲ့ ကျန်ယုရှနဲ့ တခြား ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ လျိုကျန့်လီတို့ကို အဂတိ တိုက်ဖျက်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ပြီးခဲ့တဲ့လတုန်းက ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

မကြာသေးခင် လပိုင်းတွေအတွင်း တရုတ်စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်တွေဟာ အဂတိ စွပ်စွဲချက်တွေကြောင့် စုံစမ်းစစ်ဆေးတာ၊ ရာထူးကနေ ဖယ်ရှားခံရတာတွေ ကြုံတွေ့ခဲ့ပါတယ်။ ဒီအခြေအနေတွေက PLAအပေါ် လွှမ်းမိုး အုပ်ချုပ်မှု အာဏာကို လက်ဝါးကြီး အုပ်လိုတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အကြံအစည်တွေ ဖြစ်ကြောင်း ဝေဖန်မှုတွေလည်း ရှိလာပါတယ်။ ပြီးတော့ အဲဒီလုပ်ရပ်ကြောင့် တရုတ်စစ်တပ်ရဲ့ စစ်ဆင်ရေးစွမ်းရည်ကို သိသိသာသာ အားလျော့သွားစေနိုင်ကြောင်း ထောက်ပြမှုတွေလည်း ထွက်ပေါ်လာပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ တရုတ်စစ်တပ် သတင်းတွေကို ဖော်ပြနေတဲ့ PLA Dailyရဲ့ အယ်ဒီတာ့ အာဘော်က အကျင့်ပျက် ဗိုလ်ချုပ်ကြီးတွေကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ လုပ်ဆောင်တာဟာ PLAကို ဆုတ်ယုတ်စေမှာ မဟုတ်ဘဲ အနှောင့်အယှက်တွေကို ရှင်းလင်းခြင်းသာ ဖြစ်တယ်လို့ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေး ဝန်ကြီးဌာနက ကျန်နဲ့ လျိုတို့ကို စုံစမ်းစစ်ဆေးနေဆဲလို့ပဲ ပြောကြားထားပေမယ့် PLA Dailyကတော့ သူတို့နှစ်ဦးကို အဂတိ လိုက်စားသူတွေ ဆိုတာမျိုး ရည်ညွှန်း သုံးနှုန်းထားတာကြောင့် ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ပြီးတဲ့သဘော ဖြစ်နေပါတယ်။ သူတို့ကို စစ်ဆေးမေးမြန်းပြီး အပြစ်ပေးတယ် ဆိုတာဟာ PLAရဲ့ တိုးတက်မှု လမ်းကြောင်းပေါ်က အတားအဆီးတွေကို ဖယ်ရှားခြင်း ဖြစ်တယ်လို့ PLA Dailyက ဆိုပါတယ်။

တရုတ်မှာတော့ သမ္မတရှီက အဓိက မူဝါဒ တစ်ရပ်အနေနဲ့ ကျင့်သုံးနေတဲ့ အဂတိ တိုက်ဖျက်ရေးဟာ ပိုမို စည်းကမ်းကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်ဆီ ဦးတည်စေကြောင်း ထောက်ခံမှုတွေ ရှိသလို နိုင်ငံရေး ပြိုင်ဘက်တွေကို ဖြိုခွင်းဖို့ အဲဒီ အစီအမံတွေကို ရှီက လက်နက်တစ်ခုလို အသုံးချနေကြောင်း ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။

တပ်ဖွဲ့ဝင် သန်းနဲ့ချီရှိတဲ့ PLAရဲ့ စစ်ရေးအခင်းအကျင်းတွေကို စီမံကွပ်ကဲတဲ့ ဗဟိုစစ်ရေး ကော်မရှင် (CMC)ဟာ ပုံမှန်ဆိုရင် အဖွဲ့ဝင် ၇ ဦး ပါဝင်ပေမယ့် အခုတော့ အဂတိကိစ္စတွေကြောင့် ဖြုတ်ထုတ်စစ်ဆေးတာတွေ ခံရပြီး ရှီနဲ့ တခြားဗိုလ်ချုပ် တစ်ဦးပဲ ကျန်ပါတော့တယ်။

PLAရဲ့ ထိပ်ဆုံးအဆင့် စစ်ဗိုလ်ချုပ်တွေကို အဂတိကိစ္စတွေအတွက် ဖော်ထုတ်စစ်ဆေးတဲ့ ဆုံးဖြတ်ချက်တွေကို CMCနဲ့ သမ္မတရှီတို့ တစ်စိတ်တစ်ဝှမ်းတည်း ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း PLA Dailyက ဖော်ပြထားခဲ့ပါတယ်။

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ကျန်နဲ့ လျိုတို့ဟာ ဘယ်လို အမှားတွေ ကျူးလွန်ခဲ့လို့ စုံစမ်းစစ်ဆေး ခံရသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်မထားပါဘူး။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ ကျန်ဟာ တရုတ် နျူကလီးယား လက်နက်တွေရဲ့ လျှို့ဝှက်ချက်တွေကို အမေရိကန်ဆီ ပေါက်ကြားစေခဲ့သလို ထိပ်တန်း စစ်ဘက် ရာထူးတွေ ခန့်အပ်မှုမှာလည်း လာဘ်စားတာတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံထားရကြောင်း သိရှိရပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ