Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ တောဆင်ရိုင်း တစ်ကောင် သတ်ဖြတ်လို့ တတိယမြောက် လူသေမှုဖြစ်

ထိုင်းနိုင်ငံက သဘာဝ အမျိုးသား ဘေးမဲ့တော ဧရိယာ တစ်ခုမှာ တောဆင်ရိုင်း တစ်ကောင် သတ်ဖြတ်မှုကြောင့် တတိယမြောက် လူသေမှုနဲ့ ကြုံတွေ့လာရပါတယ်။

ထိုင်းနိုင်ငံက သဘာဝ အမျိုးသား ဘေးမဲ့တော ဧရိယာ တစ်ခုမှာ တောဆင်ရိုင်း တစ်ကောင် သတ်ဖြတ်မှုကြောင့် တတိယမြောက် လူသေမှုနဲ့ ကြုံတွေ့လာရပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့တုန်းက ခရီးသွားဧည့်သည် တစ်ဦးကို အဲဒီ ဆင်ထီးကြီးက သတ်ဖြတ်ပစ်ခဲ့တာလို့ သစ်တောဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

နိုင်ငံအလယ်ပိုင်း ခိုယိုင် အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ထားရာ သစ်တော ဧရိယာထဲမှာ ဇနီးနဲ့အတူ မနက်ပိုင်း လမ်းထလျှောက်ခဲ့တဲ့ အသက် ၆၅ နှစ်အရွယ် ထိုင်းဧည့်သည် တစ်ဦးကို ဆင်ကြီးက နင်းသတ်ခဲ့တာ ဖြစ်ပါတယ်။ ခိုယိုင် အမျိုးသားဥယျာဉ်ရဲ့ အကြီးအကဲ ချိုင်ယာ ဟွမ်ဟောင်သောင်က အဲဒီ သေဆုံးသူဟာ အိုယီဝမ်လို့ နာမည်ပေးထားတဲ့ ဆင်ကြီးရဲ့ တတိယသားကောင် ဖြစ်လာကြောင်း အတည်ပြုခဲ့ပါတယ်။

နောက်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ သေဆုံးသူရဲ့ ဇနီးကတော့ အသက်ဘေးက လွတ်မြောက်ခဲ့ပြီး ဆင်ကြီးကိုတော့ သစ်တော အရာရှိတွေက ခြောက်လှန့် မောင်းထုတ်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်မှာတော့ သစ်တောဌာန ဝန်ထမ်းတွေဟာ အဲဒီဆင်ကြီးကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အကျပ်ရိုက်နေပါတယ်။ ချိုင်ယာက အဲဒီဆင်ကြီးနဲ့ ပတ်သက်ပြီး ဘာလုပ်ကြမလဲ ဆိုတာကို တိုင်ပင်ဖို့ သစ်တော အရာရှိတွေဟာ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စုဆုံ ဆွေးနွေးကြမယ်လို့ ပြောကြားခဲ့ပါတယ်။

ဆင်ကြီးရဲ့ အမူအကျင့်ကို ချိုးနှိမ်ဖို့ ကြိုးစားမလား၊ ဒါမှမဟုတ် တခြားနေရာဆီ ရွှေ့ပြောင်းမလား ဆိုတာကို ဆုံးဖြတ်ဖို့ လိုလာပြီလို့ သူက ဆိုပါတယ်။ ထိုင်းမှာ တောဆင်ရိုင်းတွေကို ဥပဒေအရ ကာကွယ်ပေးထားပါတယ်။

ထိုင်းမှာတော့ ၂၀၁၂ ကစလို့ တောဆင်ရိုင်းတွေကြောင့် ကမ္ဘာလှည့် ခရီးသည်တွေ အပါအဝင် လူသေဆုံးမှုတွေ ၂၂၀ ကျော်ထိ ရှိခဲ့ပြီးဖြစ်ကြောင်း အမျိုးသား ဥယျာဉ်များ၊ တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်များ ထိန်းသိမ်းရေးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုင်းဟာ တောဆင်ရိုင်းတွေကို စနစ်တကျ ထိန်းသိမ်းထားတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၁၅ တုန်းက စုစုပေါင်း ဆင်ရိုင်း ၃၃၄ ကောင်သာ ရှိခဲ့ရာက ၂၀၂၅ မှာတော့ ကောင်ရေ ၈၀၀ ထိ တိုးလာတယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ တောဆင်ရိုင်း ကောင်ရေ အလွန်အကျွံ များမလာစေဖို့အတွက် ဆင်မတွေကို မေ့ဆေးနဲ့ ပစ်ဖမ်းပြီး သန္ဓေတားဆေး ထိုးနှံတာမျိုး အစီအမံတွေကို သစ်တောဌာန တာဝန်ရှိသူတွေက အကောင်အထည် ဖော်လာကြပါတယ်။

မနှစ်က ဇန်နဝါရီလတုန်းက ထိုင်းတောင်ပိုင်းမှာ ဆင်တစ်ကောင်ကို ရေချိုးပေးနေတဲ့ စပိန် ကမ္ဘာလှည့် ခရီးသည် အမျိုးသမီး တစ်ဦးဟာ အဲဒီဆင်က ရန်မူလို့ သေဆုံးခဲ့ပါတယ်။ ၂၀၂၄ ဒီဇင်ဘာလတုန်းကတော့ ထိုင်းမြောက်ပိုင်းက အမျိုးသား ဥယျာဉ်တစ်ခုမှာ နောက်ထပ် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တစ်ဦးဟာ ဆင်ရိုင်းက တိုက်ခိုက်လို့ အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – Bangkok Post

ဆက်စပ်သတင်းများ