အပ်စတိန်း အရှုပ်တော်ပုံတွေနဲ့ ဆက်စပ်ပြီး အမေရိကန် လွှတ်တော်ရဲ့ ကြားနာစစ်ဆေးမှုတွေ ပူးပေါင်း ပါဝင်ဖို့ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ ဇနီးဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်တို့က သဘောတူခဲ့ပါတယ်။
၂၀၁၉ ခုနှစ်တုန်းက အကျဉ်းချခံထားရချိန်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ သက်ငယ်မုဒိမ်းသမား၊ လူမှောင်ခိုသမား စီးပွားရေး လုပ်ငန်းရှင် ဂျက်ဖရီ အပ်စတိန်းရဲ့ အမှုနဲ့ ပတ်သက်ပြီး ကြားနာ စစ်ဆေးခဲ့တဲ့ အချက်အလက် မှတ်တမ်းတွေကို အပ်စတိန်း ဖိုင်တွေလို့ ခေါ်ဝေါ်ပါတယ်။ အဲဒီ ဖိုင်တွေထဲမှာတော့ သမ္မတဟောင်း ကလင်တန်၊ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်တို့ကို ရည်ညွှန်းထားတဲ့ အကြောင်းအရာတွေ ပါဝင်ခဲ့ခြင်းကြောင့် လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။
အမေရိကန် အောက်လွှတ်တော်ရဲ့ အပ်စတိန်းဖိုင်တွေကိစ္စ ကြားနာရေး ကော်မတီဟာ အရင်က ကလင်တန် ဇနီးမောင်နှံကို ဆင့်ခေါ်ခဲ့ဖူးပေမယ့် နှစ်ဦးစလုံးက လာရောက်ထွက်ဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ကော်မတီက သူတို့နှစ်ဦးဟာ လွှတ်တော်ကို မထေမဲ့မြင်ပြုကြောင်း စွပ်စွဲထားတဲ့ အဆိုတစ်ရပ် တင်သွင်းဖို့ ပြင်ဆင်လာတဲ့နောက် ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ သူတို့ဇနီးမောင်နှံက ထွက်ဆိုချက်ပေးဖို့ ပြောင်းလဲ သဘောတူခဲ့တာ ဖြစ်ပါတယ်။
မူလတုန်းကတော့ သမ္မတဟောင်း ကလင်တန်က အောက်လွှတ်တော်မှာရှိတဲ့ ပြိုင်ဘက် ရီပတ်ဘလစ်ကန် အင်အားစုတွေဟာ သူ့ကို အပ်စတိန်းဖိုင်တွေနဲ့ ဆက်နွှယ်ပြီး နိုင်ငံရေးအရ ထိုးနှက်ဖို့ ကြိုးစားနေကြောင်း စွပ်စွဲပြီး ကြားနာမှုအတွက် ဆင့်ခေါ်တဲ့ အကြောင်းပြချက်တွေကလည်း မခိုင်လုံဘူးလို့ တုံ့ပြန်ထားခဲ့ပါတယ်။

Public Service Announcement
ကော်မတီရဲ့ ဥက္ကဋ္ဌ ဂျိမ်းစ်ကွမ်မာက သူနဲ့ ကလင်တန်နှစ်ဦး တွေ့ဆုံမှု အပြီးမှာတော့ သမ္မတဟောင်းနဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်းတို့က စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းပါဝင်ဖို့ လက်ခံသွားကြောင်း ပြောပါတယ်။
အစောပိုင်းတုန်းကတော့ ရီပတ်ဘလစ်ကန်တွေ ဦးဆောင်တဲ့ ကော်မတီက ကလင်တန် ဇနီးမောင်နှံဟာ စုံစမ်းကြားနာမှုတွေနဲ့ ပတ်သက်လို့ မထေမဲ့မြင် ပြုခဲ့ကြောင်း စွပ်စွဲချက်ကို မဲခွဲဆုံးဖြတ်ချက် ခံယူသွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီ စွပ်စွဲချက်ဟာ ပြစ်မှုထင်ရှားတယ်လို့ သတ်မှတ်ခံရရင် ဒဏ်ငွေ အမြောက်အမြား၊ ဒါမှမဟုတ် ထောင်ဒဏ်ပါ ချမှတ်ခံရနိုင်ခြေ ရှိပါတယ်။
ကလင်တန်တွေ ကိုယ်စားပြုတဲ့ ဒီမိုကရက်တစ် ပါတီဝင် အမတ်တချို့ကလည်း အပ်စတိန်း အရှုပ်တော်ပုံနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းမှုတွေကို ထောက်ခံပြီး ကလင်တန် ဇနီးမောင်နှံက ကော်မတီရှေ့မှောက်မှာ ထွက်ဆိုသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
သမ္မတဟောင်း ကလင်တန်ဟာ အပ်စတိန်းနဲ့ အရမ်းနီးစပ်ခဲ့ဖူးသလို အပ်စတိန်းရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ လိုက်ပါစီးနင်းတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အပ်စတိန်းရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ လုံးဝ မပတ်သက်ခဲ့ဘူးလို့ ကလင်တန်က အခိုင်အမာ ပြောကြားထားသလို အပ်စတိန်းရဲ့ သားကောင်ဖြစ်ခဲ့တဲ့ အမျိုးသမီးတွေထဲက ကလင်တန်ကို စွပ်စွဲမှု တစ်ခုခုလည်း ထွက်ပေါ်မလာခဲ့ပါဘူး။
အပ်စတိန်းဖိုင်တွေ ဂယက်ဟာ လက်ရှိ သမ္မတ ထရမ့်ကိုလည်း အပြင်းအထန် ရိုက်ခတ်ခဲ့ပြီး ထရမ့်ကတော့ သူဟာ အပ်စတိန်းနဲ့ ပုဂ္ဂိုလ်ရေး ခင်မင်ခဲ့ဖူးပေမယ့် အပ်စတိန်းရဲ့ ရာဇဝတ်မှုတွေ အကြောင်းကိုတော့ လုံးဝ မသိခဲ့ကြောင်း ယတိပြတတ် ငြင်းဆိုထားပါတယ်။ အခု သီတင်းပတ်ထဲမှာတော့ အမေရိကန် တရားရေး ဝန်ကြီးဌာနဟာ အပ်စတိန်းဖိုင် စာရွက်စာတမ်း ၃ သန်းကျော်နဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အများအပြားကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အပ်စတိန်းဖိုင်တွေနဲ့ ပတ်သက်ပြီး တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်ဖူးသမျှ ပမာဏ အများဆုံးလည်း ဖြစ်လာခဲ့ပါတယ်။
ကိုးကား: Guardian
ဓာတ်ပုံ – Getty Images

















































