တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို တင်ဆောင်လာတဲ့ လှေတစ်စီးနဲ့ ဂရိ ကမ်းခြေစောင့်တပ် ရေယာဉ်တို့ တိုက်မိခဲ့ရာက ရွှေ့ပြောင်း အခြေချသူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဂရိပိုင် ချီယော့စ်ကျွန်းရဲ့ ကမ်းလွန်ရေပြင်မှာ ဖေဖော်ဝါရီ ၃ ရက်နေ့တုန်းက ရေယာဉ်နှစ်စီး တိုက်မိခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ရွှေ့ပြောင်း အခြေချသူတွေ လိုက်ပါလာတဲ့ မော်တော်ဘုတ်ကို ကမ်းခြေစောင့် ရေယာဉ်က အပူတပြင်း လိုက်လံ ဖမ်းဆီးနေခဲ့ပြီး မော်တော်ဘုတ်က အန္တရာယ် များလွန်းတဲ့ ကွေ့ဝိုက်မောင်းနှင်မှု တစ်ခုကို လုပ်ခဲ့ကြောင်း ကမ်းခြေစောင့်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီအတွက် မော်တော်ဘုတ်က ကမ်းခြေစောင့်တပ် ရေယာဉ်ကို တည့်တည့် ဝင်တိုက်ခဲ့ပြီး ထိခိုက်သေကြေမှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဗရွန်တာဒက်စ် ကျေးရွာနားက ရေပြင်မှာ ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်အပြီး လူပေါင်း ၂၄ ဦးကို ဂရိ အာဏာပိုင်တွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ဒဏ်ရာ အပြင်းအထန် ရထားသူတွေလည်း ပါဝင်ခဲ့ပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ကမ်းခြေစောင့်တပ်က မထုတ်ပြန်သေးပါဘူး။ ညပိုင်းအထိ အခင်းဖြစ်ပွားရာ ရေပြင်မှာ ကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင်နေပြီး ပျောက်ဆုံးနေသူတွေ ရှိသလား ဆိုတာကိုလည်း တိတိကျကျ မသိရသေးပါဘူး။

Public Service Announcement
ကယ်ဆင်ရေး ကဏ္ဍမှာ ပုဂ္ဂလိကပိုင် ရေယာဉ်တစ်စီးနဲ့ အရပ်သား ရေငုပ်သမားတွေ၊ ရဟတ်ယာဉ် တစ်စီးတို့ကပါ ပူးပေါင်း ကူညီပေးနေပါတယ်။
ဂရိ အစိုးရပိုင် သတင်းဌာန တစ်ခုဖြစ်တဲ့ ERTက ဒဏ်ရာရသူတွေထဲမှာ ကလေး ၄ ယောက်၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနဲ့ ဂရိ ကမ်းခြေစောင့်တပ် အရာရှိ ၂ ဦးတို့လည်း ပါဝင်ကြောင်း ဖော်ပြခဲ့ပါတယ်။
အစောပိုင်းတုန်းက အသေအပျောက် စာရင်းကို ၄ ဦးလို့ ထုတ်ပြန်ခဲ့ပေမယ့် နောက်တော့ ရုပ်အလောင်း ၁၀ ခုကို ထပ်မံ ဆယ်ယူရရှိခဲ့တာလို့လည်း ERT သတင်းအရ သိရပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – AP


















































