Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား-အမေရိကန် နျူကလီးယား လက်နက် ထိန်းချုပ်ရေးစာချုပ် သက်တမ်းကုန်

အမေရိကန်နဲ့ ရုရှားကြားက နောက်ဆုံးလက်ကျန် နျူကလီးယားလက်နက် ကန့်သတ် ထိန်းချုပ်ရေး စာချုပ်က သက်တမ်း ကုန်ဆုံးပြီ ဖြစ်တာကြောင့် စူပါပါဝါ နိုင်ငံကြီးတွေကြား လက်နက်ပြိုင်ဆိုင်မှုတွေ တကျော့ပြန် မြင့်တက်လာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

အမေရိကန်နဲ့ ရုရှားကြားက နောက်ဆုံးလက်ကျန် နျူကလီးယားလက်နက် ကန့်သတ် ထိန်းချုပ်ရေး စာချုပ်က သက်တမ်း ကုန်ဆုံးပြီ ဖြစ်တာကြောင့် စူပါပါဝါ နိုင်ငံကြီးတွေကြား လက်နက်ပြိုင်ဆိုင်မှုတွေ တကျော့ပြန် မြင့်တက်လာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

New START စာချုပ်လို့ အတိုကောက် ခေါ်ဝေါ်တဲ့ မဟာဗျူဟာ လက်နက် လျှော့ချရေးစာချုပ်ကို ၂၀၁၀ ပြည့်နှစ်မှာ နောက်ဆုံးအကြိမ် သက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားနိုင်တဲ့ နျူကလီးယား စစ်ပွဲကြီး ဖြစ်မလာအောင် တားဆီးဖို့ အချက်အလက်တွေကို ထည့်သွင်း ရေးသားထားပါတယ်။

ပြီးတော့ ရုရှားနဲ့ အမေရိကန်တို့ရဲ့ မဟာဗျူဟာ ဒုံးကျည် ထိပ်ဖူး အရေအတွက်ကိုလည်း တိုက်ပွဲဝင်အဆင့် ဖြန့်ကျက်မှု အရေအတွက်ကို ၁၅၅၀ ထက် မပိုစေဖို့လည်း စာချုပ်က ကန့်သတ်ထားပါတယ်။ ပြီးတော့ ပွင့်လင်းမြင်သာမှု ရှိစေဖို့အတွက် နှစ်ဖက် အချက်အလက် ဖလှယ်တာတွေ၊ အပြန်အလှန် ကြိုတင် အသိပေးတာတွေ၊ လက်နက် ဖြန့်ကျက်တဲ့ နေရာတွေမှာ စုံစမ်းစစ်ဆေးခွင့်တွေကိုလည်း ထည့်သွင်း သတ်မှတ်ထားခဲ့ပါတယ်။

New START စာချုပ်ဟာ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးပြီး အမေရိကန်နဲ့ ရုရှားကြားက နျူကလီးယား ကန့်သတ် ထိန်းချုပ်ရေး သဘောတူညီမှု မှန်သမျှ ပြီးဆုံးသွားခြင်းလည်း ဖြစ်လာမှာပါ။

Public Service Announcement

Public Service Announcement

ပုပ်ရဟန်းမင်းကြီး လီယိုကတော့ အဲဒီစာချုပ်ကို အမြန်ဆုံး သက်တမ်း ဆက်တိုးနိုင်ရေး ညှိနှိုင်းကြဖို့ ရုရှားနဲ့ အမေရိကန် အစိုးရတွေကို ဖေဖော်ဝါရီ ၄ ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။ လက်ရှိ ကမ္ဘာ့ အခင်းအကျင်းတွေအရ ဒီစာချုပ်ကို သက်တမ်းတိုးဖို့ ပိုလို့တောင် အရေးတကြီး လိုအပ်နေသေးတယ်လို့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် သာသနာပိုင်ချုပ် ပုဂ္ဂိုလ်ကြီးက သတိပေးခဲ့ပါတယ်။

ပထမဆုံး START စာချုပ်ကို ၁၉၉၁ ခုနှစ်တုန်းက အမေရိကန်နဲ့ ရုရှား မတိုင်ခင် တည်ရှိခဲ့တဲ့ ဆိုဗီယက် ပြည်ထောင်စုတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီ စာချုပ်ဟာ စစ်အေးကာလကို အဆုံးသတ်စေမယ့် အကြောင်းရင်းတွေထဲက တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ပထမဆုံး စာချုပ်အရ နှစ်နိုင်ငံစလုံးဟာ နျူကလီးယား ထိပ်ဖူးလက်နက် ၆၀၀၀ ထက် ပိုပြီး မတည်ဆောက်ဖို့ သဘောတူခဲ့ကြပါတယ်။

၂၀၁၀ ပြည့်နှစ်တုန်းကတော့ ချက်နိုင်ငံ၊ ပရာ့ဂ်မြို့မှာ New START စာချုပ်အဖြစ် ဆိုဗီယက်ကို ဆက်ခံသူ ရုရှားက အမေရိကန်နဲ့အတူ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာလာတဲ့နောက် စာချုပ်ကို ဆိုင်းငံ့ကြောင်း လွန်ခဲ့တဲ့ ၃ နှစ်မှာ ရုရှားက ကြေညာခဲ့ပေမယ့် စာချုပ်ပါ အချက်အလက်တွေကိုတော့ နှစ်ဖက်စလုံးက လက်ရှိ အချိန်ထိ လေးစား လိုက်နာထားကြဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ စာချုပ်က တရားဝင် အဆုံးသတ်သွားတဲ့ အချိန်မှာတော့ နျူကလီးယားလက်နက်တွေ အပြိုင်တိုးချဲ့ တည်ဆောက်တာမျိုးတွေ ပြန်လည် စတင်လာမှာကို နိုင်ငံတကာအရေး အကဲခတ်တွေက စိုးရိမ်နေပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အကြီးတန်း အကြံပေး တစ်ဦးက စာချုပ်ကို သက်တမ်း ဆက်မတိုးဖြစ်ရင် ရုရှားဟာ သင့်တော်ပြီး တာဝန်ရှိသလို အခြေအနေမျိုး အစီအမံတွေ ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ စာချုပ် သက်တမ်းကုန်ခြင်းကို သိပ်ပြီး စိုးရိမ်စရာ မလိုတဲ့ သဘောမျိုး ပြောထားဖူးပါတယ်။ ပြီးခဲ့တဲ့ လတုန်းက New York Timesနဲ့ အင်တာဗျူးမှာ ထရမ့်က သက်တမ်းကုန်သွားရင်လည်း ပိုကောင်းတဲ့ သဘောတူညီမှု တစ်ခုကို ရယူပြီး စာချုပ်အသစ် ထပ်ချုပ်လို့ရကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ရုရှားနဲ့ အမေရိကန်တို့ဟာ တခြား လက်နက်ထိန်းချုပ်ရေး သဘောတူညီမှုတွေလည်း ရှိခဲ့ဖူးပြီး သက်တမ်း ထပ်မတိုးဖြစ်ခဲ့ပါဘူး။ New STARTကတော့ နှစ်နိုင်ငံကြားမှာ ကျန်ရှိနေဆဲ နောက်ဆုံးလက်ကျန် လက်နက် ထိန်းချုပ်ရေး စာချုပ်လည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်သမ္မတရဲ့ အလည်အပတ် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ မြောက်ကိုရီးယားက နိုင်ငံရဲ့ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေမယ့်အကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား လက်နက်အင်အားကို ထူးထူးကဲကဲ မြှင့်တင်သွားဖို့ သံန္နိဋ္ဌာန် ချထားကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် အရေးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ သဘောထား ကွဲလွဲမှုတွေဟာ အမေရိကန်နဲ့ တရုတ်ကြား နျူကလီးယား တင်းမာမှု အဆင့်ထိ ရောက်ရှိသွားစေနိုင်ကြောင်း ထိပ်တန်း ကာကွယ်ရေး သုတေသန အဖွဲ့တစ်ခုက သတိပေးခဲ့ပါတယ်။