Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲအကြို အပြီးသတ် မဲဆွယ်မှုတွေကို ထိုင်းပါတီတွေ အရှိန်မြှင့်လုပ်ဆောင်

ဓာတ်ပုံ - Reuters

​ဖေ​ဖော်ဝါရီ-၇၊၂၀၂၆။People’s Spring

ရွေးကောက်ပွဲအကြို နောက်ဆုံး အားထည့်မှု အနေနဲ့ ထိုင်းနိုင်ငံရေး ပါတီတွေက အပြိုင်အဆိုင်မဲဆွယ်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့က ဘန်ကောက်မြို့တော်မှာ အဓိက အင်အားကြီး ပါတီသုံးခုကို ကိုယ်စားပြုတဲ့ အပြာရော၊ လိမ္မော်ရောင်နဲ့ အနီရောင်တွေ နေရာအနှံ့ လူစုပြီး မဲဆွယ်နေတာကို တွေ့ခဲ့ရပါတယ်။ နိုင်ငံရေး အကဲခတ်တွေက ဖေဖော်ဝါရီ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ လက်ရှိ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် ဦးဆောင်တဲ့ ဘွမ်ဂျိုင်ထိုင်း (BJT)ပါတီ၊ အင်အား အကြီးဆုံး အတိုက်အခံဖြစ်တဲ့ ပြည်သူ့ပါတီ (PP)၊ အစဉ်အလာ ကြီးမားတဲ့ ဖျူထိုင်းပါတီ (PTP)တို့ပဲ အဓိက အားပြိုင်ရမယ့် အခြေအနေလို့ ရှုမြင်ထားပါတယ်။

လူထုအမြင် စစ်တမ်းတွေမှာတော့ PPဟာ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ဒုတိယ နေရာမှာတော့ BJTနဲ့ PTPတို့က အကြိတ်အနယ် ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းရွေးကောက်ပွဲဟာ အောက်လွှတ်တော်အမတ် နေရာ ၅၀၀ ထဲက ၄၀၀ အတွက် ယှဉ်ပြိုင်တာဖြစ်ပြီး ကျန်တဲ့ ၁၀၀ စာကိုတော့ ပါတီခွဲတမ်းတွေနဲ့ သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။

၂၀၂၃ခုနှစ်တုန်းက PPရဲ့အရင်အင်အားစုဟောင်းဖြစ်တဲ့ ရှေ့သို့ချီပါတီ (MFP)ဟာလည်း ရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံးနဲ့ အနိုင်ရခဲ့ပေမယ့် ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်တွေရဲ့ ဆန့်ကျင်မှုကြောင့် လွှတ်တော် မဲပေးမှုမှာ လုံလောက်တဲ့ ထောက်ခံမှု မရခဲ့ဘဲအတိုက်အခံအနေနဲ့သာရပ်တည်ခဲ့ရဖူးပါတယ်။

အခုတစ်ကြိမ်ရွေးကောက်ပွဲမှာတော့အဲဒီ အထက်လွှတ်တော် အမတ်တွေအတွက် သတ်မှတ်ထားတဲ့ အကူးအပြောင်းကာလ ကုန်ဆုံးသွားပြီဖြစ်ပြီး ဝန်ကြီးချုပ် နေရာကို ရွေးကောက်ခံ အောက်လွှတ်တော် အမတ်တွေကပဲ ရွေးချယ်တော့မှာပါ။ ဒါကြောင့် အမတ်နေရာ ၅၀၀ ထဲက ထက်ဝက်ကျော်ဖြစ်တဲ့ ၂၅၁ ဦးရဲ့ ထောက်ခံမှုကို ရသူဟာ ဝန်ကြီးချုပ် ဖြစ်လာနိုင်ပါတယ်။

PPဟာ ထိုင်းလူငယ်တွေကြားမှာ ပိုမိုရေပန်းစားတဲ့ အင်အားစုဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့တုန်းကတော့ ထိုင်း-ဂျပန် ဘန်ကောက် လူငယ်စင်တာမှာ ကျင်းပတဲ့ မဲဆွယ် ဟောပြောမှု အစီအစဉ်တွေကို လူငယ်လူရွယ်တွေ ထောင်သောင်းချီ စုဝေး တက်ရောက်ခဲ့ပါတယ်။

ထိုင်းမီဒီယာတွေက မဲဆွယ်ပွဲနဲ့ မတူဘဲ မွေထိုင်းလက်ဝှေ့ပွဲမှာ ပရိသတ် အားပေးသလို စည်ကားတက်ကြွနေခဲ့တယ်လို့ ညွှန်းဆိုတဲ့ အစီအစဉ်မှာတော့ ပါတီခေါင်းဆောင်ပိုင်းတွေက ထိုင်းပြည်သူ အားလုံးအတွက် ညီညွတ်မျှတတဲ့ အခွင့်အရေးတွေ ဖန်တီးပေးဖို့ အနာဂတ် အစီအမံတွေကို ချပြခဲ့ကြပါတယ်။

PPဟာရွေးကောက်ပွဲမှာသေချာပေါက်အနိုင်မယ်လို့ ယုံကြည်ရတဲ့တိုင် အနိမ့်ဆုံးအဆင့် ညွန့်ပေါင်းအစိုးရကို ဦးဆောင်နိုင်လောက်အောင် အမတ်နေရာ အများအပြား စုစည်းယူနိုင်မလား ဆိုတာကတော့ မဲရေတွက်မှု ရလဒ်တွေ ထွက်ပေါ်လာမှသာ အဖြေပေါ်လာမှာ ဖြစ်ပါတယ်။

ထိုင်းလွှတ်တော်မှာ အသက်အငယ်ဆုံး အတိုက်အခံ ခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့သူ PP အကြီးအကဲ နတ်တာဖောင် ရွန့်ပညာဝတ်ကတော့ သူဟာ ဝန်ကြီးချုပ် ရာထူးကို မျှော်မှန်းထားတယ်လို့ ပြောပါတယ်။ အသက် ၃၇ နှစ်သာ ရှိသေးတဲ့ နတ်တာဖောင်က ရွေးကောက်ပွဲနောက်ပိုင်း စစ်မှန်တဲ့ ပြည်သူ့အစိုးရကို တင်မြှောက်ဖို့ဆိုရင် မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ သူ့ပါတီကို ပြတ်သားတဲ့ အနိုင်ရမှုမျိုး ပိုင်ဆိုင်လာအောင် ကူညီပေးဖို့ လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

●ထိုင်းရွေးကောက်ပွဲမှကိန်းဂဏန်းများ

– ထိုင်းရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရန် ပါတီပေါင်း ၅၇ ခုက စာရင်းပေးသွင်းထားပါတယ်။

– ထိုင်းမှာမဲပေးခွင့်ရှိတဲ့ပြည်သူ၅၃သန်းခန့်ရှိပါတယ်။

-အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အနက် ၄၀၀ ကို မဲဆန္ဒနယ်အလိုက် ရွေးကောက် တင်

မြှောက်မှာဖြစ်ပြီး ၁၀၀ ကိုမူပါတီခွဲတမ်းများနဲ့ သတ်မှတ်ပေးမှာဖြစ်ပါတယ်။

– အမတ်နေရာများအတွက် ဝင်​ရောက်ယှဉ်ပြိုင်သူ ၅၀၈၉ ဦး ရှိပါတယ်။

– ပါတီ ၄၃ ခုက ရွေးကောက်ပွဲ ပါတီကိုယ်စားပြု ဝန်ကြီးချုပ်လောင်း အမည်စာရင်း ကြိုတင် တင်သွင်းထားသူ ၉၃ ဦး ရှိပါတယ်။

– ပြီးခဲ့သည့် ထိုင်းရွေးကောက်ပွဲ ၆ ခုမှာ ၅ ခုက ဖျူထိုင်းပါတီ (PTP)၊ သို့မဟုတ် ယင်းမတိုင်ခင် အခြားအမည်များနဲ့ယှဉ်ပြိုင်ခဲ့တဲ့ပါတီတို့က အနိုင်

ရခဲ့ပါတယ်။

– ဝန်ကြီးချုပ် နေရာကို ရွေးကောက် တင်မြှောက်တဲ့အခါ အနည်းဆုံး အမတ် ၂၅၁ ဦးရဲ့ ထောက်ခံမဲကိုရဖို့လိုအပ်ပါတယ်။

– မဲဆန္ဒရှင်​တွေက မဲသုံးခု ပေးရမည်ဖြစ်ပြီး ၂ ခုက ရွေးကောက်ပွဲအတွက်ဖြစ်ပြီး​တော့ နောက် ၁ ခုက ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ သင့်မသင့် လူထုဆန္ဒ ခံယူမှုအတွက် ဖြစ်ပါတယ်။

– ထိုင်းမှာ၂၀၂၃ ခုနှစ်နောက်ပိုင်း ဝန်ကြီးချုပ် ၃ ဦး ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။